နယ်သာလန် နိုင်ငံ လက်ရွေးစင် အသင်းရဲ့ နည်းပြ ဟောင်း တစ်ဦး ဖြစ်တဲ့ ကလဲရန့်စ် ဆီးဒေါ့ဖ် က လိုင်ယွန် ကစားသမား မန်းဖစ် ဒီပေး ရဲ့ ဘာစီလိုနာ အသင်းထံ ရောက်နိုင်ခြေ နဲ့ ပတ်သက်တဲ့ အခြေအနေ ကို ဆွေးနွေးသွားခဲ့ပါတယ်။ အကယ်၍ မန်းဖစ် ဒီပေး သာ နည်းပြ ရော်နယ်ကိုး နဲ့ လာလီဂါမှာ ပေါင်းစည်းနိုင်ခဲ့ရင် အနာဂါတ်မှာ ဘာစီလိုနာ အသင်းကို အကျိုးပြုနိုင်လိမ့်မယ်လို့ ဆီးဒေါ့ဖ် က ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာ အသင်း အနေနဲ့ ဒီပေး ကို ခေါ်ယူဖို့ မျက်စိ ကျနေခဲ့တာ ဟာ အချိန်တစ်ခုကြာအောင် ရှိနေပြီ ဖြစ်ပြီးတော့ ဒီပေးရဲ့ လိုင်ယွန် နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာလည်း မကြာမီမှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

Photo Credit: Express

အသက် ၂၆ နှစ် အရွယ်သာ ရှိသေးတဲ့ မန်းဖစ် ဒီပေး ဟာ သူ့ရဲ့ ကစားသမားဘဝ အစ ပိုင်းလောက်မှာ ပရီးမီးယားလိဂ် အသင်းကြီး တစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ကစားခွင့် ရခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ပွဲပေါင်း ၃၃ ပွဲ ကစားပေးခဲ့ပြီးတော့ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ကြောင့် ပုံစံကောင်းရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူးလို့ ‌ဆိုရပါမယ်။ ဆီးဒေါ့ဖ် ကတော့ ယခုလက်ရှိ ဒီပေး ရဲ့ ခြေစွမ်းပိုင်း နဲ့ ပတ်သက်ပြီး ယုံကြည် ကြောင်းနဲ့ ဥရောပ အသင်းကြီး တစ်သင်းမှာ အောင်မြင် လာနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ “ အခုချိန်မှာ မန်းဖစ် ဒီပေး က ဥရောပမှာ အရည်အချင်းပြည့်မှီတဲ့ ကစားသမား တစ်ဦးပါ။ သူ့အနေနဲ့ ဒဏ်ရာပြဿနာ ရခဲ့ပေမယ့်လည်း အနှေးနဲ့အမြန် အသင်းကြီး တစ်သင်းမှာ ကစားရမယ့် ကစားသမားမျိုးပါ။ ဆိုလိုတာက ဘာစီလိုနာပေါ့။ အဲ့ဒါက သူ့အတွက် ပိုကောင်းပါလိမ့်မယ်။ ကိုးမန်းနဲ့ သူနဲ့က နိုင်ငံအသင်းမှာ အကောင်းဆုံး အလုပ် တွဲလုပ်နိုင်ခဲ့ပါတယ် ”

Photo Credit: Express

“ ကိုးမန်း က နိုင်ငံအသင်းနဲ့ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် မန်းဖစ် ဒီပေးလို ကစားသမားမျိုးနဲ့ပေါ့။ ကစားသမား တစ်ယောက်ရဲ့ အရည်အချင်းတွေ ထုတ်ပြနိုင်အောင် ကိုးမန်းက သူ့ကို လုံလောက်တဲ့ ယုံကြည်မှုတွေ ပေးခဲ့ပါတယ်။ ဒီပေး ကို ခေါ်ယူတဲ့ ဘယ်အသင်းကြီးမဆို သူ့ရဲ့ ခြေစွမ်းကြောင့် စိတ်သက်သာရာ ရမယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ဒီပေး ကတော့ သူ့ရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောဆိုထားပါတယ်။ “ ဘာစီကို မသွားချင်တဲ့ ကစားသမား တစ်ဦးမှ မရှိပါဘူး။ ဘာစီက ထိပ်တန်း အဆင့် ရှိတဲ့ အသင်းတစ်သင်းပါ။ ကျွန်တော့်ရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်ရပါလိမ့်မယ်။ ဘာကာ က အသင်းကြီးတစ်သင်းပါ။ လူတိုင်း အဲ့ဒီမှာ ကစားချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ အခုလက်ရှိ အသင်းနဲ့ နိုင်ငံအသင်း အတွက်ပဲ အပြည့်အဝ အာရုံစိုက်နေပါတယ် ” လို့ ဖွင့်ဟ ခဲ့ပါတယ်။