နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ် ဒီပိုင်းဟာ အခု နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ သူရဲ့ လက်ရှိကလပ် အသက်လက်တီကို မက်ဒရစ်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီး အသင်းကနေ အလွတ်နဲ့ ထွက်ခွာသွားတော့မယ်လို့ သိရှိရပါတယ်။

အသက်(၃၀)အရွယ် ရှိပြီဖြစ်တဲ့ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဒီပိုင်းဟာ PSV မန်ယူနိုက်တက် လိုင်ယွန် ဘာစီလိုနာနဲ့ အသက်လက်တီကိုတို့မှာ ကစားသမားဘဝကို ကျင်လည် ဖြတ်သန်းခဲ့ပြီး လက်ရှိမှာ အသက်လက်တီကိုအတွက် (၁)ရာသီခွဲအထိပါ ကစားထားနိုင်ခဲ့ပါတယ်။

Photo Credit : CNN Portugal

အသက်လက်တီကိုရဲ့ တိုက်စစ်ပိုင်းမှာ မိုရာတာ ဂရီးဇ်မန်း ကော်ရီယာ ဒီပိုင်းတို့ ရှိပေမယ့် နည်းပြကြီး ဒီယေဂို ဆီမြွန်နီက အသင်းတိုက်စစ်အတွက် မိုရာတာနဲ့ ဂရီးဇ်မန်းတို့ကို ပိုမို ဦးစားပေး အသုံးပြုပြီး ဒီပိုင်းကိုတော့ လူစားဝင် ကစားသမားအဖြစ်နဲ့သာ အသုံးများနေတဲ့အတွက် ဒီပိုင်းက အသင်းနဲ့ လမ်းခွဲဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။

ဒီပိုင်းဟာ ဘာစီလိုနာကနေ အသက်လက်တီကိုအသင်းဆီကို ပြောင်းရွှေ့ခဲ့စဉ်က (၂)နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာကြောင့် လာမယ့် ၂၀၂၅ခုနှစ်မှသာ ဒီပိုင်းရဲ့ စာချုပ်က သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ စာချုပ်သက်တမ်း တစ်နှစ်အထိ ကျန်ရှိနေသေးချိန်မှာပဲ စာချုပ်ဖျက်သိမ်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

Photo Credit : Al Bawaba

တကယ်လို့ စာချုပ်ဖျက်သိမ်းဖြစ်မယ်ဆိုရင် ဒီပိုင်းအနေနဲ့ အသက်လက်တီကနေ ထွက်ခွာပြီး သူပြောင်းရွှေ့ချင်လိုတဲ့ အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်မှာ ဖြစ်တဲ့အတွက် ဒီပိုင်းလို အတွေ့အကြုံကောင်းတွေ ကြွယ်ဝနေတဲ့ ကစားသမားတစ်ဦးကို ကလပ်အသင်းများစွာက အပြိုင်ကြိုးပမ်းကြဖွယ် ရှိနိုင်ပါတယ်။

နောက်ပြီး ဒီပိုင်းက မကြာခင် ဂျာမနီနိုင်ငံမှာ ကျင်းပတော့မယ့် ယူရို-၂၀၂၄ပြိုင်ပွဲမှာလည်း နယ်သာလန်အသင်းနဲ့ ပါဝင်ဆင်နွဲသွားဖို့အတွက် အပြည့်အဝ အာရုံစိုက်သွားဖို့ ရှိနေသလို ယူရိုအပြီးမှသာ အသင်းသစ်အတွက် ဆုံးဖြတ်ချက် ချမှတ်သွားဖို့ ရှိနိုင်ပါတယ်။