ဒိန်းမတ်လက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ဆီကို တတ်ရောက်လို့ထားတဲ့ နောက်ခံကစားသမား ခရစ္စတန်ဆင်က သူတို့အသင်းနဲ့ ယူရိုဆီမီးဖိုင်နယ်မှာ ရင်ဆိုင်သွားရမယ့် အင်္ဂလန်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဟာရီကိန်းဟာ လက်ရှိမှာ အကောင်းဆုံးပုံစံတွေ ပြန်လည်ပြသနေတာကြောင့် ဒီကစားသမားနဲ့ ရင်ဆိုင်ရချိန်မှာ သူတို့ဘက်ကနေ အကောင်းဆုံး ထိန်းချုပ်သွားနိုင်ဖို့ ပြင်ဆင်လာမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Guardian

အသက်(၂၅)နှစ်အရွယ်ရှိ ဒိန်းမတ်နောက်ခံလူ ခရစ္စတန်ဆင်ဟာ ၂၀၂၁ခုနှစ်အတွင်းမှာ သူရဲ့ကလပ်အသင်း ချယ်လ်ဆီးအသင်းနဲ့ ဥရောပ ချန်ပီယံလိဂ်ဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ခဲ့သလို အခုလည်း နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ထိကို တတ်လှမ်းထားနိုင်ခဲ့ပါတယ်။ ယူရိုဆီမီးဖိုင်နယ်မှာတော့ ခရစ္စတန်ဆင်ဟာ သူရဲ့ချယ်လ်ဆီးအသင်းဖော်တွေဖြစ်တဲ့ မေဆန်မောင့် ဘင်ချီဝဲလ်နဲ့ ရီးစ်ဂျိမ်းစ်တို့ ပါဝင်နေတဲ့ အင်္ဂလန်အသင်းနဲ့ ဝင်ဘလေကွင်းထဲမှာ ရင်ဆိုင်တွေ့ဆုံရတော့မှာဖြစ်သလို သူရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ ဟာရီကိန်း ရာဟင်စတာလင်တို့ပါ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ခရစ္စတန်ဆင်က သူ့အတွက် အဓိကပြိုင်ဘက်ဖြစ်လာမယ့် အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းနဲ့ပတ်သက်ပြီး “ကျွန်တော်တို့တွေက သူရဲ့အရည်အသွေးကို သိရှိထားပြီးသားပါ။ သူက အဆုံးသတ်လည်း ကောင်းမွန်တဲ့ တိုက်စစ်ကစားသမားကောင်း တစ်ယောက်ပါ။ ဒါကြောင့် အသင်းသားတိုင်းရဲ့ စိတ်ထဲမှာ ဒီကစားသမားကို ဘယ်လိုပုံစံနဲ့ တားဆီးမလဲဆိုတဲ့ အတွေးကိုယ်စီ ရှိနေကြမှာပါ။ နောက်ပြီး သူနဲ့ စပါးအသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ ဟူဘယက်ကလည်း သူ့အကြောင်းကို ကောင်းကောင်းသိနေမှာပါ။ ဒါကို ကျွန်တော်တို့ပါ သိလာအောင် မျှဝေလာနိုင်ပါတယ်။ ဘောလုံးသမားတိုင်းမှာကလည်း အကျင့်စရိုက်တွေ ကိုယ်စီရှိတတ်ကြပါတယ်။ ဒါကို သိထားမယ်ဆိုရင် ကျွန်တော်တို့အတွက် အားသာချက် ဖြစ်သွားပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Indian Express

လက်ရှိမှာ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း သွင်းဂိုး(၃)ဂိုး သွင်းယူထားနိုင်ခဲ့တဲ့ ဟာရီကိန်းဟာ အဆုံးသတ်လည်းကောင်းမွန်သလို အရပ်အမောင်း မြင့်မားပြီး ကိုယ်လုံးကိုယ်ထည် ကြံခိုင်တဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်နေတာကြောင့် သူနဲ့ရင်ဆိုင်ရတဲ့ ပြိုင်ဘက်ခံစစ်ကစားသမားတွေအတွက် ခက်ခဲစေရတဲ့ ပြိုင်ဘက်ကောင်းတစ်ဦး ဖြစ်နေရတယ်လို့ ခရစ္စတန်ဆင်က မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ ခရစ္စတန်ဆင်နဲ့ ဟာရီကိန်းတို့ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ပြိုင်ဘက်တွေအဖြစ် မကြာခဏ ရင်ဆိုင်ရလေ့ရှိပြီး အခုလည်း နိုင်ငံတကာပြိုင်ပွဲတွေအတွင်း ပြိုင်ဘက်တွေအဖြစ် ထပ်မံတွေ့ဆုံရတော့မှာဖြစ်ပါတယ်။