ဘာစီလိုနာအသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းတို့ရဲ့ တောင်ပံတိုက်စစ်ကစားသမားဖြစ်သူ အူစမာနီဒမ်ဘီလီဟာ ပြင်သစ်နဲ့ ဟန်ဂေရီအသင်းတို့ ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပွဲစဉ်အတွင်းမှာ ပါဝင်ကစားခဲ့ရင်းနဲ့ ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းရဲ့ ယူရို-၂၀၂၀ လက်ကျန်ပွဲတွေအားလုံးကို လွဲချော်ရတော့မှာဖြစ်သလို ဒဏ်ရာက ခွဲစိတ်ဖို့ပါ လိုအပ်နေတဲ့အတွက် အနည်းဆုံး (၃)(၄)လခန့်လောက်အထိကို အနားယူရနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Marca

အသက်(၂၄)နှစ်အရွှယ်ရှိ တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ဟန်ဂေရီနဲ့ ပြင်သစ်အသင်းတို့ တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျခဲ့ရတဲ့ ယူရို-၂၀၂ဝပွဲစဉ်မှာ ဒုတိယပိုင်း ပွဲကစားချိန်အတွင်း ရာဘီယူနေရာမှာ ဝင်ရောက်ကစားခဲ့ပေမယ့် ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ပွဲပြီးဆုံးခါနီး မိနစ်ပိုင်းအလိုလောက်မှာပဲ သောမတ်စ်လူမာနဲ့ ပြန်လည်လူစားလိုက်ရတာဖြစ်ပါတယ်။ အခုဆိုရင် ဒမ်ဘီလီဟာ ဒီဒဏ်ရာပြသာနာကို ခွဲစိတ်ကုသမှုပါ ခံယူရတော့မှာဖြစ်တဲ့အတွက် လအတန်ကြာတဲ့အထိ အနားယူရတော့မှာဖြစ်ပြီး အနည်းဆုံးတော့ (၄)လလောက်အထိကို အနားယူနိုင်ရပါတယ်။

Photo Credit : Sportslumo

ကစားသမားဘဝတလျှောက် ဒဏ်ရာပြသာနာမျိုးစုံနဲ့ လုံးပန်းနေရတဲ့ ဒမ်ဘီလီဟာ အခုလို ထပ်တိုးဒဏ်ရာကြောင့် နောက်ထပ် လအတန်ကြာ ထပ်ပြီးအနားယူရတော့မယ့်ကိစ္စဟာ သူရဲ့အနာဂတ်အတွက်ပါ စိုးရိမ်စရာကြီးတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒမ်ဘီလီဟာ လက်ရှိသူရဲ့ကလပ် ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး သူအနေနဲ့ အသင်းနဲ့ သက်တမ်းတိုးဖို့အတွက်ရော ဒါမှမဟုတ် သက်တမ်းမတိုးပဲ အသင်းကနေ ထွက်ခွာကာ အခြားအသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့အတွက်ပါ ဒီဒဏ်ရာပြသာနာတွေနဲ့ အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။ သူ့လို ဒဏ်ရာတွေ မကြာခဏ ရရှိပြီး အသင်းအတွက် တစ်ရာသီအတွင်း ပွဲအနည်းငယ်လောက်ပဲ ပါဝင်ကစားနိုင်တဲ့ ကစားသမားမျိုးကို လက်ရှိကလပ်အသင်းကနေ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်မှာ မဟုတ်သလို သူ့လို ဒဏ်ရာတွေ ဂယက်ထနေရတဲ့ ကစားသမားကိုလည်း ခေါ်ယူမယ့်အသင်းက မရှိသလောက်ကို နည်းလာနိုင်ပါတယ်။ ဘာစီလိုနာအသင်းကလည်း အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် ဒမ်ဘီလီကို နွေစျေးကွက်အတွင်းမှာပဲ ရောင်းထုတ်သွားဖို့ သေချာနေတာကြောင့် ဒဏ်ရာလူသား ဒမ်ဘီလီအနေနဲ့ သူရဲ့ဘောလုံးသမားဘဝကို ဘယ်လိုရှေ့ဆက် ဖြတ်သန်းသွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။