စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ အူစမာနီ ဒမ်ဘီလီကတော့ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးရဲ့ စိတ်ဝင်စားမှုနဲ့ ကမ်းလှမ်းမှုတွေကို ရထားပေမယ့် ဘာစီလိုနာမှာသာ ဆက်နေဖို့ ဆုံးဖြတ်ထားကြောင်း ဘာစီလိုနာ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီဟာ ဘာစီလိုနာရဲ့ သမိုင်းတလျှောက် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမားတွေထဲက တဦး ဖြစ်ပြီး သူက ၂၀၁၇ခုနှစ်မှာ ဒေါ့မွန်ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၁၄၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့ကာ သူနဲ့ ဘာစီလိုနာတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုလကုန်မှာပဲ သက်တမ်း ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ဒမ်ဘီလီက ဘာစီလိုနာနဲ့သာ စာချုပ်သစ် မချုပ်ဆိုခဲ့ရင် သူ နှစ်သက်တဲ့ အသင်းတသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ပိုင်ခွင့် ရှိနေပြီး သူ့ရဲ့ ဆရာဟောင်း တူဟယ်လ် ကိုင်တွယ်နေတဲ့ ချယ်လ်ဆီးက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ကမ်းလှမ်းမှုတွေလည်း ပြုလုပ်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဒမ်ဘီလီရဲ့ အေးဂျင့်ဖြစ်သူထံ ဆက်သွယ်ကာ ဒမ်ဘီလီ အတွက် တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ထားပြီး ဒမ်ဘီလီရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း သိရပါတယ်။

Photo Credit: Marca

ကနဦးမှာ ဒမ်ဘီလီက ဘာစီလိုနာကို စွန့်ခွာကာ ချယ်လ်ဆီးဆီ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် ယမန်နေ့မှာတော့ ဒမ်ဘီလီက ဘာစီလိုနာ ပရိသတ်တွေနဲ့ စကားပြောဖြစ်တဲ့ အချိန်မှာပဲ သူဟာ ဘာစီလိုနာမှာသာ ဆက်ရှိနေမယ်လို့ အတည်ပြု ပြောကြားသွားပါတယ်။

ယမန်နေ့မှာ ဒမ်ဘီလီက ဘာစီလိုနာ ပရိသတ် တဦးရဲ့ “ဘာစီလိုနာမှာပဲ ဆက်နေမှာလား” ဆိုတဲ့ မေးခွန်းကို “ဆက်နေမယ်” လို့ ဖြေကြားခဲ့သလို “ချယ်လ်ဆီးဆီ ကနေ ကမ်းလှမ်းမှုတွေ ရထားလား ၊ တူဟယ်လ်နဲ့ ပြန်ပြီး လက်မတွဲချင်ဘူးလား” ဆိုတဲ့ မေးခွန်းတွေကိုလည်း “ကျွန်တော်က ဘာစီလိုနာမှာ အဆင်ပြေနေပါတယ်” လို့ ပြန်လည် ဖြေကြားရင်း သူ့ရဲ့ အနာဂတ်ကို ဘာစီလိုနာ ပရိသတ်တွေဆီ ဖွင့်ဟ ပြောပြသွားခဲ့တာပါ။