စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ အူစမာနီ ဒမ်ဘီလီ ကတော့ အသင်းနဲ့ စာချုပ်သစ် ဆွေးနွေးမှုတွေ အားလုံးကို ရပ်ဆိုင်းလိုက်ပြီး အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းရဲ့ သမိုင်းတလျှောက် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမားတွေထဲက တဦး ဖြစ်ပြီး အသင်းထံ ၂၀၁၇ခုနှစ်မှာ ဒေါ့မွန်အသင်း ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၃၅သန်းနဲ့ ပြောင်းရွှေ့လာသူပါ။

Photo Credit: 90 Mins

ဒမ်ဘီလီဟာ ပင်ကိုယ် အရည်အသွေး ကောင်းမွန်သလို ပါဝင် ကစားခွင့် ရတဲ့ ပွဲစဉ်တိုင်းမှာလည်း အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်တာကြောင့် ထိပ်တန်း တောင်ပံ ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရပေမယ့် မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာ ရရှိတတ်တာကြောင့် ကြံ့ခိုင်မှုပိုင်းမှာတော့ အတော်လေးကို အားနည်းပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် စာချုပ်သစ်မှာ ဒမ်ဘီလီရဲ့ လုပ်ခလစာကို လက်ရှိ ရနေတဲ့ လုပ်ခလစာထက် အတော်လေးကို နည်းပါးတဲ့ ပမာဏ တခုသာ ပေးဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: 90 Mins

အဲ့ဒီဆုံးဖြတ်ချက်ကပဲ ဘာစီလိုနာအသင်းနဲ့ ဒမ်ဘီလီတို့ရဲ့ စာချုပ်သစ် ဆွေးနွေးမှုကို ရပ်ဆိုင်းစေမယ့် အကြောင်းတရား တခု ဖြစ်လာခဲ့ပြီး နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဒမ်ဘီလီရဲ့ အေးဂျင့်တွေဟာ စာချုပ်သစ် ချုပ်ဆိုချင်ရင် သူတို့ကစားသမား လိုချင်တဲ့ လုပ်ခလစာမျိုး ပေးဖို့ လိုအပ်ကြောင်း တောင်းဆိုခဲ့ကြကာ ဘာစီလိုနာအသင်း ကတော့ ဒမ်ဘီလီ လိုချင်တဲ့ လုပ်ခလစာကို မပေးချင်ကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားခဲ့တာကြောင့် စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ အားလုံး ရပ်ဆိုင်းသွားခဲ့ကြောင်း သိရပါတယ်။

အကယ်၍ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိုခြင်း မရှိတော့ပါက လာမယ့် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ကာ အခြားအသင်းတွေနဲ့ အပြောင်းအရွှေ့ အတွက် လွတ်လပ်စွာ ဆွေးနွေးခွင့် ရရှိတော့မှာလည်း ဖြစ်ပါတယ်။