စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ အူစမာနီ ဒမ်ဘီလီဟာ အသင်းနဲ့ စာချုပ်သစ် ဆွေးနွေးမှုတွေ အားလုံးကို ရပ်ဆိုင်းလိုက်ပြီး ရာသီကုန်ရင် အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီဟာ ၂၀၁၇ခုနှစ်မှာ ဒေါ့မွန်အသင်း ကနေ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၃၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းထံ ရောက်ရှိပြီး နောက်ပိုင်းမှာ ဒဏ်ရာပြဿနာ များစွာနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် အသင်းအတွက် ၅နှစ်တာ ကာလအတွင်းမှာ စုစုပေါင်း ၁၂၉ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ဘာစီလိုနာအသင်းက အူစမာနီ ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းရာမှာ လုပ်ခလစာ လျှော့ကာ ကမ်းလှမ်းခဲ့ပြီး ဒမ်ဘီလီနဲ့ သူ့ရဲ့ အေးဂျင့်တွေ ကတော့ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒမ်ဘီလီဟာ စာချုပ်သစ်မှာ တနှစ် လုပ်ခလစာ ယူရို ၄၃သန်း ဝန်းကျင် အထိ အလိုရှိနေပြီး ဘာစီလိုနာအသင်း ကတော့ သူ့ကို တနှစ် လုပ်ခလစာ ယူရို ၁၂သန်းထက် ပိုပေးဖို့ ဆန္ဒမရှိကြောင်း သိရပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းနဲ့ နီးစပ်တဲ့ စပိန်နာမည်ကြီး သတင်းထောက် ဂျာရတ် မော်ရီနိုကလည်း ဒမ်ဘီလီနဲ့ ဘာစီလိုနာအသင်းတို့ ကြားထဲမှာ စာချုပ်သစ် အတွက် သဘောတူညီမှု မရခဲ့ကြောင်း အတည်ပြုပေးခဲ့ပြီး ဒမ်ဘီလီက အသင်းကနေ ထွက်ခွာတော့မယ့် အကြောင်းကို ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေ သိရှိအောင် အသိပေးထားကြောင်းလည်း ယနေ့ နေ့လယ်ပိုင်းမှာ ရေးသား ဖော်ပြသွားခဲ့ပါတယ်။