ဘာစီလိုနာ အသင်းရဲ့ ညာခြမ်း တိုက်စစ် ကစားသမား တစ်ဦဖြစ်တဲ့ ဒမ်ဘီလီ ကတော့ စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ ပွဲစဉ်မှာ ပခုံး ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။ ဘာစီလိုနာ အသင်းဟာအဆိုပါ ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ် အသင်းထက်‌ ဘောလုံးပိုင်ဆိုင်မှု အပိုင်းမှာ အသာစီး ရရှိခဲ့သလို ဂိုးပေါက် ကန်သွင်းမှုကိုလည်း ပိုမို ပြုလုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ် မသေချာမှုတွေကြောင့် တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ ရှုံးနိမ့်သွားခဲ့ရပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းအတွက် အနိုင်ဂိုးကိုတော့ တောင်ပံ ကစားသမား ကာရက်စ်ကိုက သွင်းယူ ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

အူးစ်မန်း ဒမ်ဘီလီ ဟာ အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲစဉ်မှာ ပွဲအစကတည်းက ပါဝင်ကစားခဲ့ရတဲ့ ကစားသမား ဖြစ်ပြီး ပထမပိုင်းမှာပဲ ပခုံး ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒမ်ဘီလီ အနေနဲ့ ကစားပွဲကို ပြီးဆုံးသည်အထိ အသင်းအတွက် အကောင်းဆုံး ကစားပေးခဲ့ပါတယ်။ ဒမ်ဘီလီ အနေနဲ့ အဆိုပါ ပွဲစဉ်မှာ ပြိုင်ဘက် အသင်း အက်သလက်တီကို မက်ဒရစ် ရဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ ရန်းနစ် ကာရက်စ်ကို နဲ့ ထိခိုက်မိခဲ့ပြီး ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ အသင်းရဲ့ နည်းပြ ရော်နယ်ကိုးမန်းကတော့ ဒဏ်ရာပြဿနာ မပြင်းထန်လောက်ဘူး ထင်ကာ ဒမ်ဘီလီကို လူစားလဲခြင်း မပြုလုပ်ခဲ့ပါဘူး။ တနင်္ဂနွေနေ့ မနက်ပိုင်းလောက်က ဒမ်ဘီလီကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတဲ့ အချိန်မှာတော့ ကစားသမား ရဲ့ ပခုံး မှာ ဒဏ်ရာ ရရှိနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ကြပြီး အခြေအနေ နဲ့ ပတ်သက်ပြီး ဆက်လက် စောင့်ကြည့်သွား ရမယ်လို့ Mundo Deportivo သတင်းဌာနက ဖော်ပြ ထားပါတယ်။

Photo Credit: Daily Mail

ဘာစီလိုနာ အသင်းရဲ့ တာဝန်ရှိသူတွေကတော့ ဒမ်ဘီလီ ရဲ့ ဒဏ်ရာ ပြဿနာ နဲ့ ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း အခြား ကစားသမားတွေ ဖြစ်ကြတဲ့ ဆာဂျီ ရောဘတ်တို နဲ့ ဂျရတ် ပီကေး တို့ ရဲ့ ဒဏ်ရာပြဿနာ နဲ့ ပတ်သက်ပြီးတော့ ထုတ်ပြန်ထားတာတွေ ရှိနေပါတယ်။ လက်ရှိ မှာတော့ ဘာစီလိုနာ အသင်းရဲ့ ဆေးအဖွဲ့တွေဟာ ဒမ်ဘီလီ ရဲ့ ဒဏ်ရာ ပြဿနာဟာ မပြင်းထန်ဘူးလို့ မျှော်လင့်ထားပြီး အသင်းအတွက် ကစားပေးနိုင်မယ်လို့ ခန့်မှန်း ထားကြပါတယ်။ ဒမ်ဘီလီ ရဲ့ ပခုံး ဒဏ်ရာ ပြဿနာ ဟာ မပြင်းထန်ဘူးလို့ ခန့်မှန်း ရပေမယ့်လည်း အင်္ဂါနေ့ညပိုင်းမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားမယ့် ဒိုင်နမိုကိဒ် နဲ့ ပွဲစဉ်ကိုတော့ လွဲချော်သွားမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဖာတီကို ဒဏ်ရာ ပြဿနာကြောင့် ဆုံးရှုံးထားရသလို ယခုတစ်ခါ ဒမ်ဘီလီ ကလည်း ဒဏ်ရာ ရရှိခဲ့တာကြောင့် ဘာစီလိုနာ နည်းပြ ရော်နယ်ကိုးမန်း အတွက်တော့ ခေါင်းခဲစရာ အခြေအနေ တစ်ခုနဲ့ ရင်ဆိုင် သွားရဖို့ ရှိနေပါတယ်။