MySport Myanmar

ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်တဲ့ ဒမ်ဘီလီ

ဘာစီလိုနာအသင်းရဲ့ ပြင်သစ် တောင်ပံ တိုက်စစ် ကစားသမား အူစမန် ဒမ်ဘီလီက သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ ပြုလုပ်လာခဲ့တဲ့ လီဂူး ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ကို လက်ခံလိုက်ပြီလို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Twitter

ဒီနွေစျေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေကို ခပ်စိတ်စိတ် လုပ်ဆောင်လို့နေတဲ့ ပီအက်စ်ဂျီအသင်းက လက်ရှိမှာလည်း ကီလီယန် အမ်ဘာပေရဲ့ အခြေအနေတွေကြောင့် တိုက်စစ်ပိုင်းကိုပါ ဖြည့်တင်းမှုတွေ ထပ်မံ လုပ်ဆောင်ဖို့ လိုအပ်လာခဲ့တာကြောင့် အခုလို ဒမ်ဘီလီကို ချဥ်းကပ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒမ်ဘီလီ နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ကြား ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာလည်း အခုလ (၃၁)ရက်အတွင်းမှာဆို စာချုပ်လျော်ကြေးက ယူရို သန်း(၅၀)နဲ့ (၃၁)ရက်ကို ကျော်သွားရင် ယူရို သန်း(၁၀၀)လို့ သတ်မှတ်ခဲ့ရာ အခု ယူရို သန်း(၅၀) အကျုံးဝင်နေသေးတဲ့ အချိန်အခါမျိုးမှာပဲ ပီအက်စ်ဂျီက ခပ်သွက်သွက် လှုပ်ရှားခဲ့တာကြောင့် ဒမ်ဘီလီကို ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

ပီအက်စ်ဂျီဘက်က​တော့ ဒမ်ဘီလီကို စာချုပ်လျော်ကြေး တန်ဖိုးအတိုင်း ပေးချေပြီး (၅)နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ အသက် (၂၅)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် ကစားသမား ဒမ်ဘီလီအနေနဲ့ ဒီအ​​ပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ သူရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းကသာ အဓိကကျခဲ့ပေမယ့်လည်း ဘာစီလိုနာအတွက်လည်း အသုံးစရိတ် ထပ်ရသွားနိုင်တာက နှစ်ဖက်လုံးအတွက် အကျိုးရှိစေခဲ့ရပါတယ်။

အခုတော့ ဒမ်ဘီလီ အပြောင်းအရွှေ့ကနေ နွေစျေးကွက်အတွက် အသုံးစရိတ် ထပ်ရလာတော့မယ့် ဘာစီလိုနာအသင်းက ညာခြမ်း ခံစစ်နေရာအတွက် ကန်ဆယ်လိုကို ခေါ်ယူသွားဖို့ အဓိက ပစ်မှတ်ထားနေလျက် ရှိပြီး အငှား + အပြီးသတ် ခေါ်ယူမှုတို့နဲ့ ခေါ်ယူသွားဖွယ်လည်း ရှိနေပါတယ်။

Exit mobile version