လိုင်ယွန်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ဂျုုနင်ဟိုက သူတို့အသင်းရဲ့ တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းအနေနဲ့ Transfer Deadline Day ဖြစ်တဲ့ ဒီနေ့မှာပဲ ဘာစီလိုနာအသင်းဆီကို ရောက်ရှိသွားလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပေမယ့်လည်း နာမည်ကျော် ဘောလုံးသတင်းထောက်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယိုရိုမာနိုရဲ့ဖော်ပြချက်မှာတော့ ဘာစီလိုနာဟာ ဒီပိုင်းကို မခေါ်ယူခင်မှာ သူတို့ရဲ့ကစားသမား အူစမန်နီဒမ်ဘီလီကို အရင်ဆုံး ရောင်းချသွားရလိမ့်မယ်လို့ သိရှိရပါတယ်။

Photo Credit : AS English

ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ဖြစ်တဲ့ ရော်နယ်ကိုးမန်းက သူနဲ့ နယ်သာလန်လက်ရွေးစင်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ တိုက်စစ်ကစားသမားဒီပိုင်းကို အသင်းဆီ ခေါ်ယူချင်နေတာကြောင့် နွေစျေးကွက်အတွင်းမှာ အကြိမ်ကြိမ် ကြိုးပမ်းနေခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ အပြီးသတ်နိုင်တဲ့အထိကို မလုပ်ဆောင်ခဲ့သေးပဲ ကြန့်ကြာလို့နေပါတယ်။ အသင်းက လက်ရှိအခြေအနေမှာ အသုံးစရိတ်တွေကို ချွေတာသုံးရမယ့် အနေအထားဖြစ်နေတာကြောင့် အသင်းမှာ အနာဂတ်မရေမရာဖြစ်လို့နေတဲ့ ဒမ်ဘီလီကို အပြီးသတ်ရောင်းချနိုင်ပြီးမှသာ ဒီပိုင်းရဲ့အပြောင်းအရွှေ့ကိုလည်း အပြီးသတ်နိုင်မှာဖြစ်တယ်လို့ ရိုမာနိုက သူရဲ့တွစ်တာကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Sports Mole

လက်ရှိမှာ ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းကနေ စိတ်ဝင်စားလျက်ရှိနေပြီး သူတို့ရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ခက်ခဲနေတဲ့အတွက် ဒမ်ဘီလီကိုသာ ပြောင်းလဲခေါ်ယူချင်နေတာဖြစ်ပေမယ့် တစ်ခါတည်းအပြီးသတ်ခေါ်ယူတာထက် တစ်ရာသီအငှားစာချုပ်နဲ့သာ ခေါ်ယူချင်နေတာဖြစ်လို့ ယူနိုက်တက်နဲ့ ဘာစီလိုနာကြားမှာ ဆက်လက်ညှိနှိုင်းရဖွယ် ရှိနေပါတယ်။ ဒမ်ဘီလီကိုသာ ယူနိုက်တက်အသင်းဆီ ပို့ဆောင်နိုင်ပြီဆိုရင်တော့ ဘာစီလိုနာဟာ သူတို့ရဲ့ပစ်မှတ် ဒီပိုင်းကို ယူရို(၂၅)သန်း+အပိုဆုကြေးတို့နဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်တယ်လို့ ဂျူနင်ဟိုက အတည်ပြုသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဒီပိုင်းဟာ ၂၀၁ရခုနှစ်ကမှ ယူနိုက်တက်ကနေ လိုင်ယွန်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လိုင်ယွန်မှာ သူရဲ့ခြေစွမ်းကောင်းတွေကို ပြန်လည်ပိုင်ဆိုင်ခဲ့ရင်းနဲ့ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း လိုင်ယွန်ကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ထိရောက်ရှိအောင် ပို့ဆောင်ထားခဲ့တဲ့ ဒီပိုင်းကို ကိုးမန်းက သူရဲ့ဘာစီလိုနာအသင်းဆီ တအားကို ခေါ်ယူသွားချင်နေပါတယ်။