MySport Myanmar

(၃၄)နှစ်မှာ ဘောလုံးသမားဘဝကနေ အနားယူပြီး အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်မယ့် ဒမ်ဘီလီ

ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် တောင်ပံ တိုက်စစ်ကစားသမား အူစမန် ဒမ်ဘီလီကတော့ သူ့အသက် (၃၄)နှစ် ပြည့်မယ့် အချိန်မှာ သူ့အနေနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူပြီးတော့ အိမ်ခြံမြေ လုပ်သန်းကို ပြောင်းလဲ လုပ်ကိုင်သွားတော့မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ အသက် (၂၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပြင်သစ် လက်ရွေးစင် ညာတောင်ပံကစားသမား ဒမ်ဘီလီဟာ ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကို ဆွတ်ခူးပိုင်ဆိုင်နိုင်ခဲ့သူလည်းဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ ဒုတိယမြောက် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမားပါ ဖြစ်ခဲ့ပါသေးတယ်။

Photo Credit : Transfermarket

ပြင်သစ်လီဂူးကလပ် ရန်းစ်အသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တဲ့ ဒမ်ဘီလီဟာ ၂၀၁၆မှာ ဒေါ့မွန်ဆီ ပြောင်းရွှေ့ခဲ့ပြီး ဒေါ့မွန်နဲ့ တစ်ရာသီ ဖြတ်သန်းပြီးနောက်မှာ ဘာစီလိုနာအသင်းဆီကို ယူရို (၁၀၅)သန်းနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာက ပီအက်စ်ဂျီဆီ လက်လွတ်လိုက်ရတဲ့ နေမာနေရာမှာ ဒမ်ဘီလီနဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။

ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းမှာ (၆)ရာသီအထိ ကစားခဲ့ပေမယ့်လည်း ဒဏ်ရာ ပြဿနာတွေ များစွာကြောင့် ပွဲပေါင်းများစွာ လွဲချော်ခဲ့ရသလို နောက်ဆုံးတော့ ပီအက်စ်ဂျီအသင်းဆီ ရောင်းချခံလိုက်ရပါတယ်။ လက်ရှိမှာတော့ ပီအက်စ်ဂျီရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေရသူ ဒမ်ဘီလီဟာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး အခုလို ပြောဆိုလာခဲ့ပါတယ်။

Photo Credit :  TOP Mercato

“ငါကတော့ အသက်(၃၄)နှစ်မှာ ကစားသမားဘဝကနေ အနားယူသွားချင်တယ်။ ပြီးရင်တော့ အိမ်ခြံမြေလုပ်ငန်းဘက်ကို စတင် အခြေချချင်တယ်။ အာဖရိကဘက်မှာရော ပြင်သစ်မှာပါ ရင်းနှီးမြှပ်နှံမှုတွေကို လုပ်ဆောင်ချင်တယ်။” လို့ ပြင်သစ်အသင်းဖော် ချူအာမန်နီနဲ့ ပြုလုပ်ခဲ့တဲ့ Youtube Show တစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

ဒမ်ဘီလီဟာ ပြင်သစ်နိုင်ငံမှာ မွေးဖွားခဲ့သူ ဖြစ်ပေမယ့်လည်း သူ့ဖခင်က မာလီနိုင်ငံသား ဖြစ်သလို သူ့မိခင်ကလည်း မော်ရီတေးနီးယား-ဆီနီဂေါ နိုင်ငံသူ ဖြစ်တာကြောင့် ဒမ်ဘီလီအနေနဲ့ အာဖရိကနိုင်ငံတွေမှာပါ အိမ်ခြံမြေ လုပ်ငန်းကို တိုးချဲ့လုပ်ဆောင်သွားချင်နေတာလည်း ဖြစ်ပါတယ်။

Exit mobile version