စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ပြင်သစ်လက်ရွေးစင် အသင်းတို့ရဲ့ တောင်ပံ ကစားသမား ဖြစ်သူ အူစမာနီ ဒမ်ဘီလီဟာ ပြင်သစ်အသင်းနဲ့ ဟန်ဂေရီအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ကာလရှည် ထပ်မံ အနားယူရတော့မယ်လို့ သိရပါတယ်။

ပြင်သစ်အသင်းနဲ့ ဟန်ဂေရီအသင်းတို့ တဖက် တဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်မှာ ဒမ်ဘီလီဟာ ဒူးဒဏ်ရာတခု ရရှိခဲ့ပြီး ဒဏ်ရာ ရရှိကာစမှာ သူ့ရဲ့ ဒဏ်ရာကို အသေးစားဒဏ်ရာ အဖြစ်သာ ထင်ခဲ့ကြပေမယ့် စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာတော့ သူ့ရဲ့ ဒူးခေါင်းဒဏ်ရာဟာ ခွဲစိတ်မှု ခံယူဖို့ လိုအပ်နေကြောင်း သိရှိလာရပါတယ်။

 

Photo Credit: Standard

ဒမ်ဘီလီဟာ သူ့ရဲ့ ဒူးခေါင်းဒဏ်ရာကို ကုသဖို့ အတွက် တူရကီနိုင်ငံကို ထွက်ခွာခဲ့ပြီး လက်ရှိမှာတော့ ခွဲစိတ်မှု အောင်မြင်ခဲ့ကာ ဒမ်ဘီလီဟာ ၄လဝန်းကျင် အထိ အနားယူရဖွယ် ရှိကြောင်း ဘာစီလိုနာအသင်းက ထုတ်ပြန် ကြေညာသွားပါတယ်။

အသက် ၂၄နှစ် အရွယ်သာ ရှိသေးတဲ့ ဒမ်ဘီလီဟာ ပင်ကိုယ်ခြေစွမ်း ထက်မြက်တဲ့ ကစားသမား ဖြစ်ပေမယ့် ဒဏ်ရာပြဿနာတွေဟာ သူ့ရဲ့ ကစားသမား ဘဝ တိုးတက်မှုကို အတော်လေး နှောင့်နှေးစေသလို သူ့ရဲ့ ကစားသမားဘဝကိုလည်း အဆုံးသတ်စေနိုင်တဲ့ အထိ အတော်လေးကို များပြားပါတယ်။

Photo Credit: Standard

ဒမ်ဘီလီဟာ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့လာပြီးနောက် များပြားလှတဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေက သူ့ကို ဖန်လူသားလို့ ဝေဖန်ရတဲ့ အထိ သူ့ရဲ့ ကြံ့ခိုင်မှု အနေအထားဟာ ဆိုးရွားနေပေမယ့် လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင်နေသလို တူရကီနိုင်ငံမှာ ဒူးဒဏ်ရာ ခွဲစိတ်ခဲ့တဲ့ ကုသမှုနဲ့ ပတ်သတ်ပြီးလည်း တာဝန်ယူ ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

ဒမ်ဘီလီရဲ့ ဒူးဒဏ်ရာနဲ့ ပတ်သတ်ပြီး ဘာစီလိုနာအသင်းက – “ပထမအသင်း ကစားသမား တယောက် ဖြစ်တဲ့ ဒမ်ဘီလီဟာ တူရကီနိုင်ငံမှာ ဆရာဝန် ဒေါက်တာ Lasse Lempainenနဲ့ ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး ခွဲစိတ်မှုဟာလည်း အောင်မြင်ခဲ့ပါတယ်။ ဒမ်ဘီလီဟာ ညာဘက်ဒူးမှာ ရှိတဲ့ ကြွက်သား ပြတ်တောက်မှုဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး အသင်း ဆရာဝန်တွေရဲ့ အထူးဂရုစိုက်မှုတွေနဲ့ အတူ ကုသမှု အောင်မြင်ခဲ့ပါတယ်။ ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ အနားယူရမယ့် အချိန်ကတော့ ၄လပါ” လို့ ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။