MySport Myanmar

ဘာစီလိုနာအသင်းရဲ့ နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုကိုပါ ထပ်မံ ပယ်ချခဲ့ပြန်တဲ့ ဒမ်ဘီလီ

ဘာစီလိုနာအသင်းဟာ မကြာခင်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် အသင်းရဲ့ တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်သွားရဖို့အတွက်နဲ့ အသင်းမှာ ဆက်လက်ထားရှိဖို့အတွက် စာချုပ်သစ် ကမ်းလှမ်းမှုကို နောက်ဆုံးတစ်ကြိမ် ထပ်မံပြုလုပ်လာခဲ့ရာ ဒမ်ဘီလီဘက်ကလည်း ထပ်မံပယ်ချသွားခဲ့တယ်လို့ စပိန်သတင်းမီဒီယာ Cadena Ser မှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Marca

အသက်(၂၅)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ၂၀၁၇ခုနှစ်မှာ နေမာနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ ဘာစီလိုနာအသင်းဆီကို ဒေါ့မွန်အသင်းကနေ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ မကြာခဏ ရရှိနေတဲ့ ဒဏ်ရာပြသာနာတွေကြောင့် (၅)နှစ်တာ ကာလအတွင်း အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၁၅၀)သာ ပါဝင်ခဲ့ရသလို ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာဆိုရင်လည်း ပြိုင်ပွဲစုံမှာ (၉)ပွဲသာ ပါဝင်ရတဲ့အထိ ဒဏ်ရာပြသာနာတွေရဲ့ ထိုးနှက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : TEAMtalk

လက်ရှိမှာတော့ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရက်ပိုင်းလေးသာ ကျန်ရှိနေတော့သလို သူ့ကိုလည်း ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီအသင်းတို့က အလွတ်ပြောင်းရွှေ့ကြေးနဲ့ အရခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေကြချိန် ဘာစီလိုနာဘက်က ဒမ်ဘီလီအတွက် စာချုပ်သစ် ကမ်းလှမ်းမှု နောက်ဆုံးအကြိမ်အဖြစ် ထပ်မံလုပ်ဆောင်လာခဲ့ရာ ဒီကမ်းလှမ်းမှုကို ဒမ်ဘီလီဘက်က ငြင်းဆန်သွားခဲ့ပါတယ်။ ဒါကြောင့် ဒမ်ဘီလီဟာ ဘာစီလိုနာမှာ ဆက်လက်ရှိမနေချင်တော့ပဲ သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်း တစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာ အသိအသာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒမ်ဘီလီဟာ သူရဲ့ဆရာသမားဟောင်း နည်းပြသောမတ်စ်တူဟယ်လ် ကိုင်တွယ်နေတဲ့ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့လာဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိလို့နေပြီး ဆွေးနွေးမှုတွေလည်း အခြေအနေကောင်းနေတာကြောင့် ဒေါ့မွန်မှာ လက်တွဲခဲ့ဖူးတဲ့ တူဟယ်လ်နဲ့ ဒမ်ဘီလီတို့ ဆရာတပည့် နှစ်ဦးကို ချယ်လ်ဆီးအသင်းမှာပါ ထပ်မံမြင်တွေ့ရဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ဒမ်ဘီလီဟာ ဒီနှစ်နွေဈေးကွက်အတွင်း အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ထားတဲ့ ချယ်လ်ဆီးကို ပထမဆုံး ရောက်ရှိလာမယ့် ကစားသမားသစ်တစ်ဦးပါ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version