ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ စပိန်လာလီဂါရဲ့ ထိပ်သီးအသင်း တစ်သင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းမ​ှာ မကြာခဏ ဆိုသလို ဒဏ်ရာရရှိနေတာကြောင့် ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေတဲ့ လူငယ် တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီကို အငှားနဲ့ ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရတယ်လို့ သိရှိရပါတယ်။ အသက်၂၃နှစ်အရွယ် အူစမာနီ ဒမ်ဘီလီ ဟာ လီဗာပူးအသင်း နည်းပြဖြစ်သူ ကလော့ပ်ရဲ့ စိတ်ကြိုက် ကစားသမား တစ်ဦးဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာတော့ ဒမ်ဘီလီဟာ ဒဏ်ရာများစွာ ရရှိနေတာကြောင့် ဘာစီလိုနာအသင်း အတွက် လာလီဂါပွဲစဉ် ၅ပွဲသာ ပါဝင် ကစားထားနိုင်ခဲ့သူပါ။

Photo Credit: Marca

ဒမ်ဘီလီဟာ ပင်ကိုယ်ခြေစွမ်း ကောင်းမွန်တဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့် မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေ ကြုံတွေ့ခဲ့ရပြီး အဲ့ဒီ ဒဏ်ရာပြဿနာတွေကြောင့်ပဲ ဘာစီလိုနာ အသင်းရဲ့ တာဝန်ရှိသူတွေဟာ ဒမ်ဘီလီအပေါ် စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးသွားကာ ယခု လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဒမ်ဘီလီကို ရောင်းချဖို့ လုပ်ဆောင်နေတာပါ။ စပိန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းမှာ ဒမ်ဘီလီကို ကနဦး တစ်ရာသီအငှား+ အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရပြီး အဆိုပါ ကမ်းလှမ်းမှုကို ဘာစီလိုနာအသင်းက လက်ခံခဲ့တယ်လို့ ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောဆိုခဲ့ကြပါတယ်။

Photo Credit: Marca

ဒါပေမယ့် နာမည်ကျော် သတင်းထောက် တစ်ဦး ဖြစ်တဲ့ DiMarzio ရဲ့ ဖော်ပြချက်အရ ဒမ်ဘီလီဟာ လီဗာပူးအသင်းထံကို ပြောင်းရွှေ့ဖို့အတွက် ငြင်းဆန်ခဲ့ကြောင်း သိရပြီး ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းမှာ နောက်ထပ် တစ်ရာသီ ဆက်နေသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ DiMarzio က ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေ ကတော့ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီးတဲ့ နောက်မှာ သူ့ကို ပုံမှန် ပွဲထွက်ခွင့်ပေးနိုင်မယ့် အသင်းဆီကိုသာ ပြောင်းရွှေ့ဖို့ စဉ်းစားထားတာ ဖြစ်ကြောင်းနဲ့ လက်ရှိ လီဗာပူးအသင်းရဲ့ ကစားသမားစုဖွဲ့မှုမှာ သူ့အတွက် နေရာမရှိဘူးလို့ ခံစားခဲ့ရတာကြောင့် လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာလို့ သုံးသပ်သွားကြပါတယ်။