ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဟောင်းတစ်ဦးဖြစ်တဲ့ ဘာတိုမြူက လွန်ခဲ့တဲ့ ၂၀၁ရခုနှစ်တုန်းက ကီလီယန်အမ်ဘာပေနဲ့ အူစမန်ဒမ်ဘီလီတို့ကို ခေါ်ယူသွားဖို့အတွက် အကြောင်းဖန်လာခဲ့ချိန်မှာ အသင်းရဲ့ နည်းပြအဖွဲ့ဝင်တချို့က ဘာပေထက် ဒမ်ဘီလီကိုသာ ခေါ်ယူသွားဖို့ တောင်းဆိုခဲ့တာကြောင့် ဒမ်ဘီလီကိုသာ ခေါ်ယူဖြစ်ခဲ့ရသလို ဘာပေလို တကယ့်အရည်အသွေးရှိ ကစားသမားတစ်ဦးကို လက်လွတ်လိုက်ရတယ်ဆိုပြီး ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : Goal

ဘာစီလိုနာအသင်းကို ၂၀၁၄ခုနှစ်ကနေ ၂၀၂ဝခုနှစ်အထိ အသင်းဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွှက်ခဲ့တဲ့ ဂျိုးဆက်ဘာတိုမြူက ၂၀၁ရခုနှစ်တုန်းက အရည်အသွေးမြင့် ပြင်သစ်လူငယ် ကစားသမားလေး(၂)ယောက်ကို ခေါ်ယူဖို့အတွက် အခွင့်အရေးရတုန်းမှာ အသင်းရဲ့နည်းပြအဖွဲ့ဝင်တွေရဲ့ တိုက်တွန်းမှုတွေကြောင့် ဘာပေထက် ဒမ်ဘီလီကိုသာ ခေါ်ယူဖို့် ဆုံးဖြတ်လိုက်ခြင်းအပေါ် ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဘာတိုမြူက “ဘာပေကို ခေါ်ယူဖို့က ဆွေးနွေးနေတဲ့ အဆင့်ထိ်ကို ရောက်ရှိနေပြီ။ ဒါပေမယ့် နည်းပြတွေက ဒမ်ဘီလီကို ခေါ်ယူဖို့ကိုပဲ ဦးစားပေးနေကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကွင်းအတွင်းမှာ ဖွင့်ကစားတတ်တဲ့ ကစားသမားမျိုးကို အလိုရှိတာကြောင့်ပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football Espana

ဒါ့အပြင် ဒမ်ဘီလီ ကော်တင်ဟို်တို့လို ထိပ်တန်းကစားသမားတွေကို ငွေကြေးများစွာ သုံးစွဲခဲ့ပြီး ခေါ်ယူခဲ့ခြင်းက အသင်းအတွက် အသုံးမဝင်တဲ့ အပြောင်းအရွှေ့တွေ ဖြစ်ခဲ့ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ကိုလည်း ဘာတိုမြူက “ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ တချို့အပြောင်းအရွှေ့တွေက ငွေတွေအများကြီး သုံးစွဲခဲ့ရပေမယ့် မျှော်လင့်ထားသလိုမျိုးတော့ ဖြစ်မလာနိုင်ခဲ့ဘူး။ ဒါကတော့ ဘောလုံးနယ်ပယ်မှာ ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ ဒီကစားသမားနှစ်ဦးကို အသင်းဆီ ခေါ်ဆောင်ခဲ့ပြီးနောက်မှာတော့ လူများစွာက ဒီအပြောင်းအရွှေ့အတွက် ချီးကျူးကြတယ်။ အင်နီယေစတာရဲ့နေရာကို ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်ခဲ့တဲ့ ကော်တင်ဟိုက အစားဝင်လာတယ်။ နေမာနေရာကိုတော့ ဒမ်ဘီလီက ဝင်ရောက်လာတယ်ဆိုပြီး မျှော်လင့်ခဲ့ကြတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒမ်ဘီလီနဲ့ ကော်တင်ဟိုတို့နှစ်ယောက်လုံး ဘာစီလိုနာမှာ အနာဂတ် ဆက်လက်ရှိနေဖို့ မသေချာတော့သလို သူတို့အသင်းရဲ့ မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကလည်း ဘာစီလိုနာဆီ ရောက်ရှိဖို့ နီးစပ်ခဲ့သေးတဲ့ ဘာပေကို ခေါ်ယူသွားဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေခဲ့ရပါတယ်။