နေမာတစ်ယောက် ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းထံကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားပြီးနောက်မှာ နေမာရဲ့ နေရာကို အစားဝင်နိုင်မယ့်သူအဖြစ် ရှုမြင်ပြီး ဒေါ့မွန်အသင်းထံကနေ ဘာစီလိုနာအသင်းက ခေါ်ယူထားခဲ့တဲ့ ပြင်သစ်လူငယ်ကစားသမားလေး ဒမ်ဘီလီဟာ လက်ရှိမှာတော့ ဖန်လူသားဆိုတဲ့ ဂုဏ်ပုဒ်ကို လွှဲပြောင်းယူသင့်နေတဲ့ ကစားသမားတစ်ဦးပါ။

Photo Credit: AS English.com

အသက်၂၂နှစ်အရွယ်သာရှိသေးတဲ့ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းထံကို ၂၀၁၇ခုနှစ်မှာ ကတည်းက ရောက်ရှိလာသူဖြစ်ပေမယ့် သုံးနှစ် အတွင်းမှာ အသင်းအတွက် လာလီဂါပွဲစဉ် ၅၁ပွဲသာ ပါဝင်ကစားပေးထားနိုင်သူဖြစ်ပြီး ဒဏ်ရာ ပြဿနာများစွာကြောင့် မကြာခဏဆိုသလို အနားယူနေရသူပဲ ဖြစ်ပါတယ်။

Photo Credit: AS English.com

 

အသက်၂၂နှစ်ဆိုတာဟာ ကစားသမား တစ်ယောက်အတွက် ကြံ့ခိုင်မှုအကောင်းဆုံး အရွယ်လို့ ဆိုရမှာဖြစ်ပေမယ့် ဒမ်ဘီလီဟာ လက်ရှိမှာတော့ ဘာစီလိုနာအသင်းမှာ ဒဏ်ရာ ပြဿနာ ၉ခုနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းရဲ့ပွဲစဉ် ၆၉ပွဲအထိကို လွဲချော်ထားခဲ့ရသူပါ။ ဘာစီလိုနာ အသင်းရဲ့ဆရာဝန်တွေဟာလည်း မကြာခဏဆိုသလို ဒဏ်ရာရနေတဲ့ ဒမ်ဘီလီရဲ့အနေအထားကို အနီးကပ် အကဲခတ်နေခဲ့ပေမယ့် လက်ရှိ အထိတော့ ဒမ်ဘီလီရဲ့ဒဏ်ရာပြဿနာဟာ ဆန်းကြယ်တဲ့ ပုစ္ဆာတစ်ပုဒ်အဖြစ် ရှိနေဆဲပါ

Photo Credit: AS English.com

လက်ရှိအချိန်မှာတော့ စပိန်ဘောလုံးလောကရဲ့ ပရိသတ်တွေဟာ ဒဏ်ရာပြဿနာ များလွန်းလို့ ဖန်လူသားလို့ အမည်ပေးခံထားရတဲ့ ဂါရတ်ဘေးလ်ရဲ့ ဖန်လူသားဂုဏ်ပုဒ်ကို ဒမ်ဘီလီကိုပဲ ပေးအပ်သင့်တယ်လို့ ဝေဖန်ပြောဆိုမှုတွေတောင် ရှိလာခဲ့ပြီ ဖြစ်ပြီး အဆိုပါ ပရိသတ်တွေထဲမှာ ဘာစီလိုနာအသင်းရဲ့ ပရိသတ် တချို့ပါ ပါဝင်နေတာကြောင့် ဒမ်ဘီလီအတွက် ဒီအချက်ဟာ မခံချိမခံသာ ဖြစ်စေမှာ သေချာပါတယ်။ ဘယ်ခြေ ၊ ညာခြေမရွေးပဲ ကစားနိုင်တဲ့ ဒမ်ဘီလီတစ်ယောက် မြက်ခင်းစိမ်းတွေပေါ်ကို ခပ်မြန်မြန်ခြေချနိုင်ပါစေလို့ ဆုတောင်းပေးရင်း….။