ပီအက်စ်ဂျီ အသင်းနည်းပြ လူးဝစ် ဟင်းနရစ်က မနက်ဖြန်ညမှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ် league phase ပွဲစဉ် (၂)အတွက် ကစားသမားစာရင်း ထုတ်ပြန်လာခဲ့ရာမှာ တောင်ပံကစားသမား အူစမန် ဒမ်ဘီလီကို အံ့အားသင့်ဖွယ် ချန်လှပ်ထားခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ် ညာတောင်ပံကစားသမား ဒမ်ဘီလီဟာ ဒီနှစ်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ (၇)ပွဲအထိ ပါဝင်ကစားခဲ့ရင်း (၄)ဂိုးသွင်း (၄)ဂိုးဖန်တီးထားနိုင်ခဲ့သလို ခြေစွမ်းကောင်း ပြသထားနိုင်ပေမယ့် အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ပွဲကိုတော့ ထူးထူးဆန်းဆန်း ချန်လှပ်ခံခဲ့ရပါတယ်။

Photo Credit : Goal

ဒမ်ဘီလီက ပီအက်စ်ဂျီမှာ ဘာပေ နေမာ မက်ဆီတို့ မရှိတော့တဲ့နောက်ပိုင်း ပီအက်စ်ဂျီအတွက် အဓိက ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီ သူရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာလည်း အသင်းအတွက် (၆)ဂိုးသွင်း (၁၄)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ဒမ်ဘီလီဟာ ပီအက်စ်ဂျီနဲ့ ရန်းစ်အသင်းတို့ရဲ့ လီဂူးဝမ်းပွဲစဉ်မှာလည်း အသင်းအတွက် ပါဝင်ကစားပေးရင်း ဂိုးဖန်တီးမှုပါ လုပ်ဆောင်ခဲ့ပေမယ့် ပြင်သစ် နာမည်ကျော် သတင်းမီဒီယာ L’Equipe ရဲ့ ဖော်ပြချက်အရ နည်းပြ ဟင်းနရစ်နဲ့ ဒမ်ဘီလီတို့ကြားမှာ အချင်းများမှုတွေ ဖြစ်ခဲ့တာကြောင့် အခုလို ချန်ပီယံလိဂ်ပွဲရဲ့ ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : beIN SPORTS

L’Equipe မှာ ဖော်ပြထားတာကတော့ ဟင်းနရစ်ဟာ ဒမ်ဘီလီရဲ့ စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး စိတ်တိုင်းမကျတာကြောင့် အခုလို အချေအတင် ဖြစ်ခဲ့ရပြီး ဒမ်ဘီလီအနေနဲ့လည်း ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်မလဲ ဘယ်လောက်အထိတောင် ကစားသမားစာရင်းကနေ ဖယ်ရှားထားခံရဦးမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

ဒီရာသီမှာတော့ ပီအက်စ်ဂျီအသင်းဟာ ပြိုင်ပွဲစုံ လုံးဝ ရှုံးပွဲမရှိသေးပဲ Reims အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ လီဂူးဝမ်းပွဲ တစ်ပွဲတည်းသာ သရေကျထားခဲ့ပြီး ကျန်တဲ့ပွဲစဉ်တွေကိုတော့ နိုင်ပွဲ ရရှိထားခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းကတော့ ချန်ပီယံလိဂ် league phase ပွဲစဉ် (၁)မှာ အတ္တလန်တာနဲ့ ဂိုးမရှိ သရေကျထားခဲ့ပါတယ်။