စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးခဲ့ပေမယ့် နှစ်ဦးနှစ်ဖက် ကြားမှာ စာချုပ်သစ် အတွက် သဘောတူညီမှု မရခဲ့တာကြောင့် ရာသီကုန်မှာ ဘာစီလိုနာအသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီဟာ ၂၀၁၇ခုနှစ်မှာ ဒေါ့မွန်အသင်း ကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၃၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားတာကြောင့် သူနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: AS English

ဒမ်ဘီလီဟာ ပင်ကိုယ်ခြေစွမ်း ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်သလို ကစားခွင့် ရတဲ့ ပွဲတိုင်းမှာလည်း ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်တာကြောင့် ဘာစီလိုနာအသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုချင်ပေမယ့် ဒမ်ဘီလီရဲ့ ကြံ့ခိုင်မှု အားနည်းချက်ကြောင့် ဘာစီလိုနာအသင်းက စာချုပ်သစ်မှာ မြင့်မားတဲ့ လုပ်ခလစာ တရပ် ပေးချေဖို့ထက် ကစားပေးနိုင်မှု အပေါ် မူတည်ပြီး လုပ်ခလစာ ပေးချေမယ် ဆိုတဲ့ အချက်ကို ထည့်သွင်းကာ ကမ်းလှမ်းခဲ့ပါတယ်။

ဒမ်ဘီလီရဲ့ အေးဂျင့်ဖြစ်သူတွေ ကတော့ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းဆိုသလို ပယ်ချခဲ့ပြီး သူတို့ရဲ့ ကစားသမားဟာ ရွှေဘောလုံးဆုကို မှန်းဆနိုင်တဲ့ အထိ ခြေရည်ခြေသွေး မြင့်မားတာကြောင့် မြင့်မားတဲ့ လုပ်ခလစာ တရပ် ပေးချေမှသာ စာချုပ်သစ် ချုပ်ဆိုမယ် ဆိုပြီး အကြောင်းပြန်ခဲ့တာကြောင့် ဒမ်ဘီလီရဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ အားလုံးက ရပ်ဆိုင်းသွားခဲ့တာပါ။

Photo Credit: AS English

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ AS English သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒမ်ဘီလီဟာ ရာသီကုန်မှာ ဘာစီလိုနာအသင်းကို စွန့်ခွာပြီး အသင်းသစ် တသင်းထံ ပြောင်းရွှေ့ဖို့ ယတိပြတ် ဆုံးဖြတ်ခဲ့ပြီး ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းက ဒမ်ဘီလီကို မြင့်မားတဲ့ လုပ်ခလစာ ပေးချေဖို့ သဘောတူထားသလို လက်မှတ်ထိုးကြေး ယူရို ၂၀သန်း ပေးမယ်လို့ ကမ်းလှမ်းထားကြောင်းလည်း သိရပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာနဲ့ ဒမ်ဘီလီရဲ့ အခြေအနေကို စောင့်ကြည့်နေကြတဲ့ အသင်းတွေ အမြောက်အမြား ရှိနေသေးပြီး စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ် ၊ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်တို့ကလည်း ဒမ်ဘီလီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။