စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဒမ်ဘီလီက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျီရိုနာ ၀-၁ ဘာစီလိုနာပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ယခုလထဲမှာ ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ယူရိုပါလိဂ် ပထမအကျော့ပွဲကို လွဲချော်ဖို့ ရာခိုင်နှုန်း များပြားနေကြောင်း သိရပါတယ်။

ဒမ်ဘီလီက ဂျီရိုနာနဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ်မှာ ဘာစီလိုနာရဲ့ တိုက်စစ်ကို ဖာတီ ၊ ရာဖင်ဟာတို့နဲ့ တွဲဖက်ကာ ဦးဆောင်ခဲ့ပြီး သူဟာ ပွဲချိန် ၂၆မိနစ်မှာတော့ ကြွက်သားဒဏ်ရာကြောင့် အသင်းဖော် ပီဒရီနဲ့ လူစားလဲခဲ့ရပါတယ်။

Photo Credit: Sports Brief

ဒမ်ဘီလီက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၈ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်ထားနိုင်ကာ ဘာစီလိုနာရဲ့ တိုက်စစ်ပိုင်းမှာ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

ဒါကြောင့်ပဲ ဒမ်ဘီလီ တယောက် ဒဏ်ရာရသွားတာဟာ ဘာစီလိုနာ အတွက် သတင်းဆိုး တခု ဖြစ်ခဲ့ပြီး ဘာစီလိုနာရဲ့ တရားဝင် ထုတ်ပြန် ကြေညာချက်အရ ဒမ်ဘီလီဟာ ဘယ်ဘက် ပေါင်တွင်းကြောဒဏ်ရာ ရသွားခဲ့တာ ဖြစ်ကြောင်း သိရကာ အဆိုပါ ဒဏ်ရာကြောင့် ဒမ်ဘီလီဟာ အနည်းဆုံး ၃ပတ် ဝန်းကျင် ကနေ အများဆုံး ၁လလောက် အထိ အနားယူရနိုင်ပါတယ်။

Photo Credit: Sports Brief

ဒမ်ဘီလီရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး ဘာစီလိုနာက – “ဒီညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဆေးစစ်ချက်တွေအရ ဒမ်ဘီလီဟာ ဘယ်ဘက် ပေါင်တွင်းကြောဒဏ်ရာ ရသွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒမ်ဘီလီက ဒဏ်ရာကနေ သက်သာလာမယ့်အချိန် အထိ အနားယူရတော့မှာပါ” ဆိုပြီး တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့တာပါ။

ဘာစီလိုနာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ယူရိုပါလိဂ် ၃၂သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီလ ၁၇ရက်နေ့မှာ ဘာစီလိုနာရဲ့ အိမ်ကွင်း ဖြစ်တဲ့ နူးကမ့်ကွင်းမှာ ယှဉ်ပြိုင် ကစားဖို့ စီစဉ်ထားတာကြောင့် အနည်းဆုံး ၃ပတ် ဝန်းကျင် အနားယူရတော့မယ့် ဒမ်ဘီလီဟာ အဆိုပါပွဲကို လွဲချော်ဖို့ ရာခိုင်နှုန်း အတော်လေး များပြားနေသလို ကံမ​ကောင်းခဲ့ရင် ဒုတိယအကျော့ အဖြစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း ဖြစ်တဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင် ကစားရမယ့်ပွဲကိုပါ လွဲချော်နိုင်ပါတယ်။