ဘာစီလိုနာအသင်းရဲ့ အသက်၂၂နှစ်အရွယ် ပြင်သစ်လူငယ် ကစားသမား အူစမာနီ ဒမ်ဘီလီ ဟာ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းမှာ ကစားနေတဲ့ သူနဲ့ တစ်နိုင်ငံတည်းသား မာရှယ် ကို မန်ယူအသင်းရဲ့ အကြောင်းတွေ မေးမြန်း စုံစမ်းခဲ့တယ်လို့ ပြင်သစ်အခြေစိုက် သတင်းဌာန အများစုက ဖော်ပြသွားခဲ့ကြပါတယ်။ ဒေါ့မွန် အသင်းကနေ ဘာစီလိုနာအသင်းထံကို ဆယ်ကျော်သက် အရွယ်မှာကတည်းက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ လူငယ် တောင်ပံကစားသမား ဒမ်ဘီလီဟာ ဘာစီလိုနာ အသင်းထံကို ရောက်ရှိသွားချိန်မှာ ထင်ထားသလို ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်း မရှိပဲ ဒဏ်ရာ ပြဿနာ အများအပြားနဲ့ ကြုံတွေ့ခဲ့ရကာ မကြာခဏဆိုသလို အနားယူနေခဲ့ရသူပါ။

Photo Credit: Marca.com

ယခုနှစ် ဘောလုံးရာသီမှာဆိုရင်လဲ ဒမ်ဘီလီ ဟာ ဘာစီလိုနာအသင်းအတွက် လာလီဂါပြိုင်ပွဲ မှာ ၅ပွဲသာ ဝင်ရောက် ကစားပေးထားနိုင်ခဲ့ပြီး သွင်းဂိုး ၁ဂိုးတည်းသာ သွင်းယူထားနိုင်သူပါ။ ဒါ့ကြောင့်လည်း ဘာစီလိုနာအသင်းရဲ့ စိတ်ရှည် သည်းခံမှုတွေဟာ ဒမ်ဘီလီအပေါ်မှာ ကုန်ဆုံး သွားခဲ့ပြီး ဒမ်ဘီလီကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ စီစဉ်နေပြီလို့ စပိန်သတင်းစာတွေက ဖော်ပြထားကြပါတယ်။ ဒမ်ဘီလီဟာ ပင်ကိုယ်ခြေစွမ်း ကောင်းမွန်သူ တစ်ဦးဖြစ်တာကြောင့် သူ့ကို ခေါ်ယူဖို့အတွက် ထိပ်တန်းအသင်းကြီး အတော်များများက စိတ်အားထက်သန်မှုတွေ ရှိနေတယ်လို့ သိရကာ ပြင်သစ်သတင်းစာတွေကတော့ ဒမ်ဘီလီဟာ သူ့ရဲ့ပြင်သစ် အသင်းဖော်တွေဖြစ်တဲ့ ပေါ့ဘာနဲ့ မာရှယ်တို့ရှိတဲ့ မန်ယူအသင်းကို ပြောင်းရွှေ့ချင် နေတယ်လို့ ဆိုထားကြပါတယ်။

Photo Credit: Marca.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဒမ်ဘီလီဟာ မာရှယ်ဆီကို ဆက်သွယ်လာခဲ့ပြီး မန်ယူအသင်းမှာ နေထိုင်ရတဲ့ ပုံစံ ၊ နည်းပြ ဖြစ်သူ ဆိုးလ်ရှားရဲ့ နည်းစနစ်တွေနဲ့ အသင်းဖော်တွေရဲ့ အကြောင်းကို စုံစမ်းခဲ့တာဖြစ်တယ် လို့ သိရပြီး ဒါဟာ ဒမ်ဘီလီအနေနဲ့ မန်ယူ အသင်းထံကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတဲ့ အချက်ကို ပြနေတယ်လို့ ဘောလုံးကျွမ်းကျင်သူ တွေက သုံးသပ် ထားကြပါတယ်။ တစ်ဖက်မှာလဲ မန်ယူအသင်းဟာ ဒေါ့မွန်အသင်းရဲ့ လူငယ် တောင်ပံကစားသမား ဖြစ်တဲ့ ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားရာမှာ အတော်လေး အခက်အခဲတွေ တွေ့နေသလို ဆန်ချိုအတွက် ဒေါ့မွန်အသင်း အလိုရှိတဲ့ ငွေကြေးဟာ ပေါင်၁၃၀သန်းနီးပါး ရှိတာကြောင့် ဒမ်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိတယ်လို့ အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟခဲ့ကြပါတယ်။ ဘာစီလိုနာအသင်းဟာ အသက်၂၂နှစ် အရွယ် ဒမ်ဘီလီအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းဝန်းကျင် အလိုရှိနေပါတယ်။