စီးရီးအေ အင်အားကြီးအသင်း တစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ လူငယ်ခံစစ်မှူး ဒီလစ်ကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်တဲ့ အသက်၃၅နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုဟာ လူငယ် ကစားသမားတွေ အတွက် အကောင်းဆုံး စံပြ ကစားသမားတစ်ဦး ဖြစ်ကြောင်းနဲ့ သူပေါ်ထွက် လာတဲ့ မျိုးဆက်မှာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ ဒီလစ် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ နယ်သာလန် ကလပ် အေဂျက်အသင်းကနေ ဂျူဗင်တပ် အသင်းထံကို ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမား ဖြစ်ပြီး အသင်းသစ်ကို ရောက်ခါစမှာ ခြေစွမ်းပြ ကစားနိုင်ဖို့အတွက် ရုန်းကန်ခဲ့ကာ အသင်းသစ်မှာ အထိုင်ကျလာတာနဲ့အမျှ ပိုမို ခြေစွမ်းပြ ကစားနိုင်လာတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Tuttosport

မန်ယူအသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ စီရိုနယ်ဒိုဟာ အသက်၃၅နှစ် ပြည့်သွားပြီ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ ဥရောပရဲ့ ထိပ်တန်း တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူ ဖြစ်ကာ လက်ရှိ ဘောလုံးရာသီမှာ ဂျူဗင်တပ် အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ပွဲ ပါဝင် ကစားခဲ့ရာမှာ ၂၅ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့သူပါ။ ဒါ့အပြင် စီရိုနယ်ဒိုဟာ လက်ရှိ စီးရီးအေဘောလုံးရာသီမှာ စီးရီးအေပွဲစဉ် ၁၁ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ် ပျံ့နှံ့မှုကြောင့် စီးရီးအေပြိုင်ပွဲကို မရပ်နားမီမှာ ကစားခဲ့ရတဲ့ ဂျူဗင်တပ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ပွဲစဉ်မှာသာ သူ့ရဲ့ သွင်းဂိုးစံချိန်ဟာ ကျိုးပျက် သွားခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit: Tuttosport

ရိုနယ်ဒိုရဲ့ ခြေစွမ်းတွေနဲ့ ပတ်သတ်ပြီး ဒီလစ် က Tuttosport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခုလိုပဲ ဖြေဆိုသွားခဲ့ပါတယ်။ စီရိုနယ်ဒိုရဲ့ အကြောင်းကို ဒီလစ်က ” စီရိုနယ်ဒိုဟာ သူ့ရဲ့ မျိုးဆက်မှာ အကောင်းဆုံး ကစားသမား တစ်ဦးပါ။ ပြီးတော့ သူဟာ လူငယ် ကစားသမားတွေ အတွက် အရမ်းကောင်းတဲ့ ပြယုဂ်တစ်ခုပါပဲ။ ကျွန်တော်က သူရဲ့ ကစားပုံတွေကို ကြည့်ရှုပြီး ကျွန်တော့်ရဲ့ ကစားပုံကို တိုးတက်လာအောင် အမြဲတမ်း ကြိုးစားနေတဲ့သူပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ အသင်းရဲ့ လေ့ကျင့်ခန်းတွေမှာတောင် အရမ်းကို ကြိုးစားအားထုတ်တဲ့ ကစားသမားတစ်ဦး ဖြစ်နေလို့ပါ။ ပြီးတော့ ခင်ဗျားသာ သူ့ရဲ့ လေ့ကျင့်ပုံကို မြင်လိုက်ရရင် ဒါဟာ အသက်၃၅နှစ်အရွယ် ကစားသမားလားဆိုပြီး အံ့ဩသွားမှာပါ ” လို့ ဖြေဆိုသွားခဲ့ပါတယ်။