ယခု နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ကနေ တူရကီ နာမည်ကြီးကလပ် ဘီဆစ်တပ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန် ကြယ်ပွင့်ဟောင်း ဒယ်လီ အလီကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အန်ကာရာဂူချူနဲ့ ဘီဆစ်တပ်တို့ရဲ့ ပွဲစဉ်မှာ ဘီဆစ်တပ်အတွက် သွင်းဂိုး ၁ဂိုး သွင်းယူပေးရင်း သူ့ရဲ့ ၁၃လကြာ ဂိုးပေါက် ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၂၆နှစ် အရွယ်သာ ရှိသေးတဲ့ ဒယ်လီ အလီဟာ တချိန်တုန်းက စပါးနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းတွေကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂နှစ်ဆက် ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Fot Mob

ဒယ်လီ အလီက ခြေစွမ်းပိုင်း ကောင်းမွန်ပေမယ့် သူ့ရဲ့ စည်းကမ်းလျော့ရဲမှုနဲ့ အပျင်းခိုမှုတို့ကြောင့်ပဲ ပိုချက်တီနို တယောက် စပါးကို စွန့်ခွာသွားချိန်မှာ အရင်လို ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ခဲယဉ်းခဲ့ပြီး နောက်ဆုံးမှာတော့ စပါးထက် တဆင့်နိမ့်တဲ့ အဲဗာတန်ဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။

အဲဗာတန်ဆီ ရောက်ရှိချိန်မှာလည်း ဒယ်လီ အလီက အရင်လို ရေကုန်ရေခမ်း မကြိုးစားတော့ပဲ ဖြစ်သလိုသာ နေတော့တာကြောင့် ခြေစွမ်းတွေ ဆက်လက် ကျဆင်းလာခဲ့ပြီး ယခု နွေဈေးကွက်မှာတော့ ပုံမှန် ပွဲထွက်ခွင့်ရရေး အတွက် အဲဗာတန်ကို ထပ်မံ ကျောခိုင်းခဲ့ရပြန်ပါတယ်။

Photo Credit: Fot Mob

ဒယ်လီ အလီက အဲဗာတန်ကနေ ဘီဆစ်တပ်ဆီ ရောက်ရှိပြီးနောက် ပုံမှန် ပွဲထွက်ခွင့် ရနေသလို ခြေစွမ်းကောင်း တချို့လည်း ထုတ်ပြနိုင်ခဲ့ပြီး ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အန်ကာရာဂူချူ ၂-၃ ဘီဆစ်တပ် ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒယ်လီ အလီက ဘီဆစ်တပ်အတွက် သွင်းဂိုး မသွင်းယူပေးနိုင်ခင် ၂၀၂၁ခုနှစ် ၊ အောက်တိုဘာလ ၁ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါး ၅-၁ မူရာ ပွဲစဉ်မှာသာ သွင်းဂိုး သွင်းယူထားနိုင်တာကြောင့် သူက ၁၃လကြာ ဂိုးပေါက် ပျောက်ဆုံးနေမှုကို ဘီဆစ်တပ် ကစားသမား ဘဝ ပထမဦးဆုံး သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးနဲ့ အဆုံးသတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။