ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး အသင်းရဲ့ ကွင်းလယ် တိုက်စစ်ကစားသမား ဖြစ်သူ ဒယ်လီ အလီဟာ ယနေ့မနက် အစောပိုင်းမှာပဲ မြောက်လန်ဒန်မှာ ရှိတဲ့ သူ့ရဲ့နေအိမ်ကို ဖောက်ထွင်းခံခဲ့ရတယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာတချို့ ရရှိသွားတယ်လို့ ESPN သတင်းဌာနက ဖော်ပြလာခဲ့ပါတယ်။ စပါးအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်တဲ့ အလီဟာ ပေါင်၅၀သန်းနီးပါး ကြွယ်ဝ ချမ်းသာသူ တစ်ဦးဖြစ်ကာ သူ့ရဲ့နေအိမ်မှာ ချစ်သူ ရူဘီမေ ၊ ဝမ်းကွဲအစ်ကို ဟယ်ရီဟစ်ဖို့ဒ် ၊ ဟယ်ရီဟစ်ဖို့ဒ်ရဲ့ ရည်စားနဲ့ နောက်ထပ် သူ့ရဲ့ သူငယ်ချင်းတစ်ဦးတို့နဲ့ အတူ နေထိုင်နေစဉ်မှာ အိမ်ဖောက်ထွင်းခံရကာ အနုကြမ်းစီးခံခဲ့ရတယ် လို့ သတင်းတွေအရ သိရှိရပါတယ်။

Photo Credit: Daily Mail.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဓားပြတွေဟာ ဓားကိုယ်စီ ကိုင်ဆောင်လာကြပြီး အလီရဲ့ နေအိမ်ကို ညသန်းခေါင်ယံမှာ ခိုးဝင်ခဲ့ကြတာ လို့ သိထားရကာ အလီရဲ့ နေအိမ်ကနေ ပေါင်ထောင်ဂဏန်း ဝန်းကျင်ရှိတဲ့ ရတနာတွေကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ လန်ဒန်အခြေစိုက် ရဲတပ်ဖွဲ့ကတော့ ဓားပြတွေဟာ ရတနာပစ္စည်းတွေကို ယူဆောင်မသွားခင် မှာ အလီကို ဓားနဲ့ထောက်ပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့သလို ထိုးကြိတ်မှုတွေလည်း ပြုလုပ်ခဲ့တာကြောင့် အလီဟာ ဖူးယောင်ဒဏ်ရာ တချို့ ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပြီး အလီရဲ့ နေအိမ်မှာ တပ်ထားတဲ့ CCTV ကနေ ရရှိလာတဲ့ အချက်အလက်တွေကို စုစည်းပြီး တရားခံတွေကို အမြန်ဆုံး ဖမ်းဆီးနိုင်ရေးအတွက် ကြိုးစားနေတယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

Photo Credit: Daily Mail.com

အလီရဲ့သတင်းကို စပါးအသင်းကလည်း အတည်ပြု ပေးထားပြီး အလီကတော့ သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ သူ့အတွက် စိတ်ပူနေကြတဲ့ ပရိသတ်တွေကို သူဟာ စိုးရိမ်စရာမရှိပါဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ အလီက ” ပရိသတ်တွေရဲ့ မက်ဆေ့ချ်တွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ တကယ်ကို ဆိုးရွားတဲ့ အတွေ့အကြုံတစ်ခုပါ။ ဒါပေမယ့် အားလုံး အဆင်ပြေကြပါတယ်။ ကျွန်တော့်ကို စိတ်ပူပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ် ” လို့ ရေးသား ဖော်ပြသွားခဲ့တာပါ။ နောက်ဆက်တွဲ သတင်းတွေ အရတော့ အလီရဲ့ နေအိမ်ကို ကျူးကျော်ဝင်ရောက် လာခဲ့တဲ့ ဓားပြတွေမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရမှု ရှိ ၊ မရှိ မသေချာတာကြောင့် အလီဟာ ဆေးစစ်မှုခံယူရတော့မယ်လို့ သိရှိရပါတယ်။