လက်ရှိအချိန်မှာ အသင်းရဲ့နည်းပြဟိုဆေးမော်ရင်ဟိုနဲ့ ဆက်ဆံရေးပိုင်းအဆင်မပြေ ဖြစ်နေတဲ့အပြင် ဘေးလ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့လည်း ရီးရဲလ်မက်ဒရစ်အသင်းဆီ အငှားချခံရဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ကာ အနာဂတ်အခြေအနေတွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခဲ့ရတဲ့ စပါးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဒယ်လီအလီကို ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ အီတလီစီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားကြနေလျက်ရှိတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ကြပါတယ်။

Photo Credit : Football.London

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား အလီဟာ စပါးအသင်းရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းအတွက် ပွဲတိုင်းနီးပါး ပါဝင်ကစားပေးရသူဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရသလို ကြားရက်အတွင်းမှာလည်း ဘေးလ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ရီးရဲလ်အသင်းဆီ အငှားနဲ့ ပို့ဆောင်ခံရတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် ပလော့ဒစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ယူရိုပါလိဂ်ခြေစစ်ပွဲစဉ်အတွက် အသင်းရဲ့လူစာရင်းမှာပါ ချန်လှပ်ထားခံခဲ့ရပါတယ်။

Photo Credit : Premier League

စပါးအသင်းဟာ သူတို့ရဲ့အသင်းသားဟောင်းဘေးလ်ကို ရီးရဲလ်အသင်းကနေ တစ်ရာသီအငှားနဲ့ ပြန်လည်ခေါ်ဆောင်ရာမှာ ဘေးလ်ရဲ့မြင့်မားတဲ့ လစာပမာဏကို ပေးချေရတော့မှာဖြစ်တဲ့အတွက် အသင်းရဲ့ဥက္ကဌလီဗီးကိုယ်တိုင်က သူတို့အသင်းသားအလီကို ရီးရဲလ်ဆီ အငှားနဲ့ပြန်လည်ပို့ဆောင်သွားဖို့ ပြင်ဆင်ခဲ့တာဖြစ်ပေမယ့် ရီးရဲလ်ဘက်ကနေ အလီကို အလိုမရှိခဲ့လို့သာ မပို့ဆောင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ အနာဂတ်မရေမရာနေသေးတဲ့ အလီကို ပီအက်စ်ဂျီနဲ့ အင်တာမီလန်အသင်းတွေကနေ ပစ်မှတ်ထားလျက်ရှိလို့နေပြီး ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ်ခေါ်ယူတာထက် အငှားနဲ့ခေါ်ယူနိုင်ဖို့ကိုပဲ ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။ မော်ရင်ဟိုကတော့ သူနဲ့အလီတို့ကြားမှာ ဆက်ဆံရေးတွေ အဆင်ပြေလျက်ရှိနေပြီး အလီကလည်း အသင်းအတွက် အရေးတကြီး ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။