ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပသွားခဲ့တဲ့ စပါးအသင်းနဲ့ နယူးကာဆဲလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း စပါးရဲ့တိုက်စစ်ကစားသမား ဆွန်ဟောင်မင် ပေါင်ကြွက်သားဒဏ်ရာရခဲ့လို့ ရက်အနည်းငယ်လောက် အနားယူရနိုင်တာကြောင့် အသင်းအတွက် ပွဲထွက်ခွင့်တွေ နည်းပါးနေတဲ့ ဒယ်လီအလီကို ပြန်လည်နေရာပေးနိုင်တယ်လို့ နည်းပြမော်ရင်ဟိုက ပြောဆိုခဲ့ပေမယ့်လည်း မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ကစားရတော့မယ့် ချယ်လ်ဆီးအသင်းနဲ့ ကာရာဘောင်းဖလားပွဲမှာပါ အလီကို ထပ်မံချန်လှပ်ဖွယ် ရှိလာပြန်တယ်လို့ Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Express

အသက်(၂၄)အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား အလီဟာ နည်းပြမော်ရင်ဟိုနဲ့ ဆက်ဆံရေးပိုင်း အဆင်မပြေ ဖြစ်လျက်ရှိနေတဲ့အပြင် ဒီရာသီမှာ စပါးအသင်း ကစားခဲ့ရတဲ့ ပြိုင်ပွဲစုံ(၅)ပွဲမှာလည်း အလီက (၂)ပွဲသာ ပါဝင်ခဲ့ရပြီး ကျန်တဲ့(၃)ပွဲမှာ အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ မော်ရင်ဟိုကတော့ အလီကို သူအသုံးပြုခဲ့ခြင်းမရှိပေမယ့် ကောလဟာလတွေ ထွက်ပေါ်နေသလို အလီကို စပါးအသင်းကနေ ရောင်းချသွားမှာမဟုတ်ပဲ အသင်းမှာပဲ သူရဲ့အနာဂတ်က ဆက်ရှိနေလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

Photo Credit : GoldBall

လက်ရှိမှာ ဆွန်ဟောင်မင် ဒဏ်ရာရနေတဲ့အခိုက် မော်ရင်ဟိုကိုယ်တိုင် အလီကို အသင်းမှာ ပြန်လည်နေရာပေးနိုင်တယ်လို့ မော်ရင်ဟိုကိုယ်တိုင် ပြောဆိုထားခဲ့ပေမယ့် Telegraph ရဲ့ ဖော်ပြချက်အရတော့ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ကာရာဘောင်းဖလား စတုတ္ထအဆင့် လန်ဒန်ဒါဘီပွဲမှာ အလီကို ထပ်မံချန်လှပ်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဒီအတိုင်းသာဆိုရင်တော့ စပါးအသင်းဟာ အလီကို နွေစျေးကွက်မပိတ်သိမ်းခင်မှာပဲ အသင်းကနေ အငှား ဒါမှမဟုတ် အပြီးသတ်ရောင်းချဖွယ် ရှိလာနိုင်ပါတယ်။ အလီကိုလည်း အင်တာမီလန်နဲ့ ပီအက်စ်ဂျီအသင်းတို့ကနေ တစ်ရာသီအငှားစာချုပ်နဲ့ ကမ်းလှမ်းချင်နေကြပြီး ကမ်းလှမ်းမှုတွေကိုသာ ပြုလုပ်လာခဲ့မယ်ဆိုရင်လည်း စပါးဘက်ကနေ လက်ခံဖွယ်ရှိနိုင်ပါတယ်။ စပါးအသင်းကလည်း သူတို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ ဂါရတ်ဘေးလ်ကို ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ခေါ်ယူခဲ့စဉ်မှာ တစ်ပတ်လုပ်ခပေါင်းများစွာ ပေးချေထားရတာကြောင့် အသင်းရဲ့လခအခြေအနေကို လျှော့ချနိုင်ဖို့ အလီကို အငှားချချင်နေသလို အင်တာမီလန်အသင်းရဲ့နောက်ခံလူ ရှကရီညာကို ခေါ်ယူချင်နေတဲ့အတွက် စပါးနဲ့အင်တာအသင်းတို့ကြား အပြောင်းအရွှေ့ကိစ္စတွေက ပိုဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။