ဒီရာသီမှာ အစ်ဝစ်ချ်တောင်းအသင်းအတွက် ခြေစွမ်းပြနေတဲ့ တိုက်စစ်ကစားသမားလေး လီယန် ဒီလက်ပ်ကို မန်ချက်စတာ ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ ယူနိုက်တက်ထက် အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ကိုသာ ရွေးချယ်သွားနိုင်တယ်လို့ သိရပါတယ်။

Daily Star ရဲ့ ဖော်ပြချက်အရ ဒီလက်ပ်ဟာ လာမယ့်ရာသီထဲ ဥရောပပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကစားနေတဲ့ ကလပ်အသင်း တစ်သင်းသင်းမှာ ပါဝင်လိုနေပြီး ချယ်ဆီးနဲ့ အာဆင်နယ်တို့ကို သူ့ရဲ့ ဦးစားပေးအသင်းတွေအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

 

Photo Credit : Sky Sports

ယူနိုက်တက်အသင်းကလည်း အသက်(၂၂)နှစ်အရွယ် ဒီတိုက်စစ်မှူးကို အလိုရှိနေကြောင်း ရှင်းရှင်းလင်းလင်း ပြသထားပေမယ့် ဒီလက်ပ်ကတော့ ယူနိုက်တက်လို အသင်းမျိုးဆီကို ပြောင်းရွှေ့ကစားဖို့ သံသယဖြစ်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆင့်(၁၄)နေရာနဲ့ ရုန်းကန်နေရပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ပါဝင်နိုင်ဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်က ယူရိုပါလိဂ်မှာ အောင်ပွဲခံဖို့ပဲ ရှိပါတယ်။

တစ်ဖက်မှာ အာဆင်နယ်ကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မျှော်လင့်ချက် မရှိတော့ပေမယ့်လည်း အဆင့်(၂)နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့က သေချာသလောက် ရှိနေသလို လာမယ့် ရာသီအတွက် ပရီးမီးယားလိဂ်ကနေ အဆင့်(၅)နေရာထိ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာဖြစ်လို့ အခု အဆင့်(၆)နေရာ ရောက်နေတဲ့ ချယ်လ်ဆီးအတွက်လည်း ချန်ပီယံလိဂ် ကစားရဖို့ အခြေအနေကောင်းနေပါတယ်။

Photo Credit : Sky Sports

ဒီလက်ပ်နဲ့ အစ်ဝစ်ချ်အသင်းတို့ရဲ့ စာချုပ်ထဲမှာ တကယ်လို့ အသင်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားမယ်ဆိုရင် ဒီလက်ပ်ကို ပေါင်သန်း(၃၀)နဲ့ အသင်းကနေ ပြောင်းရွှေ့ခွင့်ပြုရမယ်ဆိုတဲ့ သတ်မှတ်ချက်ပါရှိပြီး လက်ရှိမှာလည်း အစ်ဝစ်ချ်က ချန်ပီယံရှစ်ဆီ ပြန်လည် ကျရောက်ဖို့က အလားအလာ မြင့်မားနေပါတယ်။

အင်္ဂလန် ယူ-၂၁ ကစားသမား ဒီလက်ပ်က မန်စီးတီး လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ဒီနွေမှ အစ်ဝစ်ချ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ကာ အသင်းအတွက် ပရီးမီးယားလိဂ် (၃၁)ပွဲ ပါဝင်ကစားထားပြီးချိန် သွင်းဂိုး (၁၂)ဂိုး သွင်းယူထားသလို (၂)ကြိမ် ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။