မန်စီးတီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရှောင်ရိုက်ဖီးလစ်က မန်စီးတီးအသင်းအနေနဲ့ အသင်းရဲ့ အဓိက အားဖြည့်တင်းဖို့ လိုအပ်တဲ့ နေရာတစ်ခုဖြစ်တဲ့ တိုက်စစ်ပိုင်းအတွက် ဟာရီကိန်း အာလင်းဟာလန်းတို့လို ထိပ်တန်းတိုက်စစ်ကစားသမားတွေကို ငွေကြေးသုံးစွဲမှုများစွာနဲ့ ခေါ်ယူဖို့ထက် အသင်းရဲ့ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ လူငယ်တိုက်စစ်ကစားသမားလေး လီယန်ဒီလက်ပ်ကိုသာ အသုံးပြုသင့်တယ်လို့ အကြံပြုတိုက်တွန်း ပြောဆိုလိုက်ပါတယ်။

Photo Credit : Sky Sports

မန်စီးတီးအသင်းဟာ အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးနဲ့ လမ်းခွဲလိုက်ပြီးနောက်ပိုင်း တိုက်စစ်ပိုင်းအတွက် ဟာရီကိန်း လူကာကူ ဟာလန်းနဲ့ ရော်နယ်လ်ဒိုတို့လို ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အဆင်မပြေခဲ့တာကြောင့် တိုက်စစ်မှူးသစ် မခေါ်ယူဖြစ်ခဲ့ပဲ စျေးကွက်ကို ပိတ်သိမ်းခဲ့ရပါတယ်။ လက်ရှိအသင်းရဲ့ တိုက်စစ်မှာ နံပါတ်(၉)နေရာဖြစ်တဲ့ အထောင်တိုက်စစ်နေရာအတွက် ဂါဘရီရယ်ဂျေဇူးသာ ရှိနေပေမယ့်လည်း နည်းပြဂွာဒီယိုလာကတော့ စတာလင် ဖယ်ရန်တောရက်စ်တို့ကို False 9 အဖြစ် နေရာပေးလေ့ရှိပြီး ဂျေဇူးကိုတောင် တောင်ပံထွက် ကစားခိုင်းလေ့ရှိရာ စီးတီးအကယ်ဒမီထွက် ချာတိတ်လေး ဒီလက်ပ်ကိုလည်း အထောင်တိုက်စစ်နေရာမှာ နေရာပေးသင့်တယ်လို့ ကစားသမားဟောင်း ရိုက်ဖီးလစ်က အကြံပြုလာခဲ့ပါတယ်။

Photo Credit : Goal

မန်စီးတီးအသင်းနဲ့ပတ်သက်ပြီး ရိုက်ဖီးလစ်က “အသင်းရဲ့ တိုက်စစ်ပိုင်းအခြေအနေပေါ် သုံးသပ်ရမယ်ဆိုရင် အသင်းက တိုက်စစ်ကစားသမားတစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားဖို့ လိုအပ်တယ်လို့တော့ ကျွန်တော် မမြင်မိဘူး။ သူတို့ လိုအပ်နေတာက အထောင်တိုက်စစ်နေရာကို နားလည်ပြီး ဘယ်လိုအံ့ဝင်အောင် ကစားရမလဲဆိုတာ သိနေတဲ့ ကစားသမားမျိုးကို လိုအပ်တာလို့ ကျွန်တော် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ စီးတီးက ပွဲတိုင်းနီးပါးမှာ အခွင့်အရေးတွေများစွာ ဖန်တီးတတ်တဲ့ အသင်းဆိုတော့ ဒါကို ကောင်းကောင်းအသုံးချနိုင်ဖို့ နားလည်နေမယ့် ကစားသမားမျိုး ရှိနေရင်ကို အဆင်ပြေပြီ။ ဂွာဒီယိုလာနဲ့ပတ်သက်ပြီးတော့ သူက စျေးကွက်အတွင်းမှာ သူရဲ့အပြောင်းအရွှေ့ပစ်မှတ်တွေအတွက် သူဘာကို လုပ်ချင်နေသလဲဆိုတာ ခင်ဗျား ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် လတ်တလောမှာဆိုရင်တော့ပ ကလပ်အသင်းမှာ ကောင်းကောင်းစွမ်းဆောင်နိုင်မယ့် လီယန်ဒီလက်ပ်လို ကစားသမားလေးတွေ ရှိနေပါတယ်။ ဒီကစားသမားလေးက အတော်လေးကို အထင်ကြီးလောက်စရာ ဖြစ်သလို သူရဲ့အခွင့်အရေးကို သူရယူနိုင်လိမ့်မယ်ဆိုတာနဲ့ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူးတစ်ဦးအတွက် ငွေကြေးများစွာ ကုန်ကျခံမယ့် ကိစ္စတွေကိုပါ ရပ်တန့်နိုင်လိမ့်မယ်ဆိုတာကို ခင်ဗျား သိထားနိုင်မှာတောင် မဟုတ်ဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။