ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ဂိုးသမား ဖြစ်သူ ဒီဂီယာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲစဉ် အပြီးမှာ သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အမှတ်ပေးဖလားကို ရယူနိုင်တဲ့ အခွင့်အရေး ရှိပြီး ရရှိနိုင်အောင်လည်း ကြိုးစား သွားမှာဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အိုးထရက်ဖို့ဒ် ကွင်းထဲမှာ ကစားခဲ့ရတဲ့ ပွဲစဉ် တစ်ပွဲဖြစ်ပေမယ့် ယူနိုက်တက် အသင်းရော မန်ချက်စတာ စီးတီးအသင်းကပါ သွင်းဂိုးတွေ ရရှိခဲ့ခြင်း မရှိပဲ ဂိုးမရှိ သရေကျခဲ့ကာ တစ်ဖက်ကို တစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။

Photo Credit: Mirror

အဆိုပါ သရေပွဲကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၁၁ပွဲ ကစားပြီးချိန်မှာ ရမှတ် ၂၀မှတ် စုဆောင်း ထားနိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ စပါးအသင်းနဲ့ ၄မှတ်သာ ကွာဟ နေတာကြောင့် ချန်ပီယံပြေးလမ်းပေါ်မှာ ရှိနေသေးတယ် လို့ ဆိုရမှာပါ။ လက်ရှိ ပရီးမီးယားလိဂ် ရာသီဟာ မထင်မှတ်ထားတဲ့ ရလဒ်တွေ ထွက်ပေါ်နေတာကြောင့် အမှတ်ပေးဇယားမှာလည်း ရလဒ်ကွာဟမှု ကျဉ်းမြောင်း နေတာကို အမှတ်ပေးဇယားရဲ့ အဆင့်၉နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ စပါးအသင်းရဲ့ ကြားထဲမှာ ရမှတ် ၅မှတ်သာ ကွာဟတာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ဒီဂီယာ ကတော့ လက်ရှိ ဘောလုံးရာသီဟာ သူတို့အသင်း အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ အကောင်းဆုံး ရာသီတစ်ခု ဖြစ်ကြောင်း ယုံကြည် နေပါတယ်။

Photo Credit: Mirror

ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ ကြိုးစားသွားမယ့် အကြောင်းကို ဒီဂီယာက “ဒီရာသီက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အတော်လေး အခွင့်အလမ်း များတဲ့ ရာသီတစ်ခုပါ။ အသင်းတွေ အများကြီးက ချန်ပီယံဆုအတွက် တိုက်ပွဲဝင် နေကြတာကြောင့် ကျွန်တော်တို့ကလည်း ချန်ပီယံဆုကို ရရှိဖို့ ကြိုးစား သွားမှာပါ။ ကျွန်တော်တို့ဟာ ဒီရာသီမှာ ချန်ပီယံဖြစ်နိုင်တယ် လို့ ယုံကြည်ချက် အပြည့်အဝ ထားပြီး ကြိုးစား ကစားသွားဖို့ပဲ လိုပါတယ်။ ဒီရာသီက အတော်လေး ထူးဆန်းပါတယ်။ အသင်းအများစုက ထိပ်ဆုံး နေရာအတွက် အပြိုင်အဆိုင် ကြိုးစား နေတာကြောင့် ကျွန်တော်တို့ဟာ ပွဲစဉ်တိုင်းကို အာရုံ စူးစိုက်မှု အပြည့်နဲ့ ကစားသွားဖို့ လိုအပ်ပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။

https://youtu.be/HVV5uRAmVO0