ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ဒီဂီယာ ကတော့ ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်း အတွက် အခြေအနေ ကောင်းနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အရယူဖို့ ကြိုးစားသင့်ကြောင်း အသင်းဖော်တွေကို တိုက်တွန်း ပြောကြား သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယနေ့ညမှာ ကစားမယ့် ဘန်လေအသင်းနဲ့ အဝေးကွင်း ပွဲကျန်တစ်ပွဲကို အနိုင်ရရှိခဲ့ပါက ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်၁ နေရာကို တက်လှမ်းနိုင်မှာ ဖြစ်ပြီး ဒါဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဖလားပြိုင်ပွဲတစ်ခု ကနေ ထွက်ခွာခဲ့ရပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အခြေအနေ ကောင်းနေပြီး ၂၀၁၃ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေဟာ ယခုနှစ် ဘောလုံးရာသီမှာ အသင်းအနေနဲ့ နှစ်အတန်ကြာ ဝေးကွာနေခဲ့တဲ့ အမှတ်ပေးဖလားကို ပြန်ယူနိုင်လိမ့်မယ် ဆိုတဲ့ ရည်မှန်းချက်တွေ ထားနေကြပြီး ဒီဂီယာကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရည်ရွယ်ပြီး ကြိုးစား သွားရမှာ ဖြစ်ကြောင်း ဆိုသွားပါတယ်။

Photo Credit: Express

 

အမှတ်ပေးချန်ပီယံဆုကို ရရှိဖို့ ကြိုးစားသင့်တဲ့ အကြောင်းကို ဒီဂီယာက “ဆာအဲလက်စ် ရှိခဲ့တဲ့ အချိန်မှာလည်း ကျွန်တော်တို့ဟာ အမှတ်ပေးဖလားကို ရရှိဖို့အတွက် နှစ်အနည်းငယ် ကြိုးစားခဲ့ ရပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အနေအထား တစ်ရပ်ကို ပြန်ရောက်နေပါပြီ။ ရိုးသားစွာ ပြောရရင် ဒါဟာ ကျွန်တော်တို့တွေ အချိန်အတော်ကြာအောင် ကြိုးစားခဲ့ရတဲ့ အရာဖြစ်ပြီး ကျွန်တော်တို့ဟာ အခွင့်အရေးကို လက်လွှတ်ခံလို့ မရပါဘူး။ ကျွန်တော်တို့ဟာ ပွဲစဉ်တိုင်းကို အသေအချာ အာရုံစူးစိုက်ပြီး ပွဲစဉ်တိုင်း အနိုင်ရအောင် ကြိုးစားသွားရမှာပါ။ ကျွန်တော်တို့ဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အကောင်းဆုံး အနေအထား တစ်ရပ်မှာ ရှိပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ် လို့ ယုံကြည် ထားပါတယ်” ဆိုပြီး ပြောကြား သွားပါတယ်။