ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ဂိုးသမားအဖြစ် ကာလရှည် ရပ်တည်နေခဲ့တဲ့ စပိန်လက်ရွေးစင် ဂိုးသမားဖြစ်သူ ဒေးဗစ် ဒီဂီယာ ကတော့ လက်ရှိမှာ အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာရဖို့ နီးစပ်နေကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ အသက် ၃၀အရွယ် စပိန်လက်ရွေးစင် ဂိုးသမား ဒီဂီယာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် လက်ထက်မှ စတင်ကာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ဂိုးသမားအဖြစ် ရှိနေသူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ သူ့ရဲ့ လက်စွမ်းဟာ တည်ငြိမ်မှု အားနည်းနေတာကို တွေ့မြင်ရပါတယ်။

Photo Credit: Sky  Sports

ဒါ့ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားက ဒီဂီယာကို ဖိအားပေးဖို့ အတွက် ရှက်ဖီးလ်အသင်းနဲ့ အတူ လက်စွမ်းပြနေတဲ့ အသင်းရဲ့ လူငယ်ကြယ်ပွင့် ဂိုးသမား ဖြစ်သူ ဟန်ဒါဆန်ကို အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား အဖြစ် သတ်မှတ်ကာ ယခုနှစ် ဘောလုံးရာသီမှာ အသင်းထံ ပြန်လည် ခေါ်ယူခဲ့ပါတယ်။ လက်ရှိ ဘောလုံးရာသီ အစမှာတော့ ဒီဂီယာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ပွဲထွက် ကစားခွင့်ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ မတ်လမှ စတင်ကာ ဒီဂီယာနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားရဲ့ ကြားမှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီး ယခုအချိန်မှာတော့ ဟန်ဒါဆန်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ဆက်တိုက်ဆိုသလို ပွဲထွက် ကစားခွင့် ရရှိခဲ့ပါတယ်။

Photo Credit: Sky  Sports

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ဆိုးလ်ရှားနဲ့ ဒီဂီယာတို့ကြားမှာ ရှိတဲ့ အငြင်းပွားမှုတွေဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှ စတင်ကာ ရှိခဲ့တာ ဖြစ်ပြီး ဆိုးလ်ရှားဟာ အဆိုပါ ပွဲစဉ်မှာ ဟန်ဒါဆန်ကို ပွဲထွက် ဂိုးသမား အဖြစ် အသုံးပြုဖို့ စီစဉ်ခဲ့ပေမယ့် ဒီဂီယာရဲ့ ကန့်ကွက်မှုကြောင့် ဒီဂီယာကိုပဲ အသုံးပြုခဲ့ရကြောင်း သိရပါတယ်။ လက်ရှိမှာတော့ ဒီဂီယာနဲ့ ဆိုးလ်ရှားကြားက အငြင်းပွားမှုတွေဟာ ပိုမို ပြင်းထန်လာသလို မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပိုင်ရှင်တွေ ဖြစ်ကြတဲ့ ဂလေဇာမိသားစုကလည်း အသင်းရဲ့ ဂိုးသမား နေရာအတွက် ပေးချေနေရတဲ့ လုပ်ခလစာ ပမာဏကို လျော့ချချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ အထိ ရရှိနေတဲ့ ဒီဂီယာဟာ ရာသီကုန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာရဖွယ် ရှိနေပါတယ်။