ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းနဲ့ စပိန် လက်ရွေးစင် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို ရယူထားနိုင်ခဲ့တဲ့ ဒီဂီယာဟာ သူ့ရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို ဆက်လက် ထိန်းသိမ်း ထားနိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီ အကုန်မှာ ရခဲ့တဲ့ အားလပ်ရက်မှာတောင် လေ့ကျင့်မှုတွေ ကို ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ကြောင်း ဒီဂီယာနဲ့ နီးစပ်တဲ့သူတွေက စပိန်သတင်းဌာန တစ်ခုကို ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၉နှစ် အရွယ် စပိန် လက်ရွေးစင် ဂိုးသမား ဒီဂီယာဟာ မန်ယူအသင်းရဲ့ နံပါတ်တစ် ဂိုးသမားအဖြစ် အချိန်အတော်ကြာအောင် ရှိနေသူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရှက်ဖီးလ် အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ လက်စွမ်း ပြနိုင်ခဲ့တဲ့ အသင်းရဲ့ တက်သစ်စ လူငယ် ဂိုးသမား ဟန်ဒါဆန် တစ်ယောက် အသင်းထံ ပြန်ရောက်လာအပြီးမှာ နံပါတ်တစ် ဂိုးသမားနေရာကို ဆုံးရှုံးရလိမ့်မယ် လို့ ထင်ကြေး ပေးခံထားရပါတယ်။

Photo Credit: Athletic

အထူးသဖြင့် ဟန်ဒါဆန်ဟာ မန်ယူအသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ဂိုးသမား တစ်ဦး ဖြစ်သလို နောက်ဆုံး နှစ်ရာသီ အတွင်းမှာလည်း တည်ငြိမ်တဲ့ လက်စွမ်းတစ်ခုကို ပြသနိုင်ခဲ့တာကြောင့် ဒီဂီယာရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ကောင်းကောင်း ခြိမ်းခြောက်နိုင်စွမ်း ရှိသူ တစ်ဦးပါ။ ဒါ့ကြောင့်လည်း ဒီဂီယာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အကုန်မှာ ရရှိတဲ့ အားလပ်ရက် အတွင်းမှာ အနားမယူခဲ့ပဲ စပိန် လူငယ် အသင်းရဲ့ ဂိုးနည်းပြဟောင်း တစ်ဦးဖြစ်တဲ့ မီဂွယ် အိန်ဂျယ်ကို ဆက်သွယ်ကာ သူ့ကို ရက်အနည်းငယ် ကြာအောင် နည်းပြလုပ်ပေးဖို့ ကမ်းလှမ်းခဲ့ပြီး အိန်ဂျယ်နဲ့ ရက်အနည်းငယ် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Athletic

ဒီဂီယာ တစ်ယောက် အားလပ်ရက်မှာတောင် အနားမယူပဲ လေ့ကျင့်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တဲ့ အကြောင်းကို ဒီဂီယာနဲ့ နီးစပ်သူတွေက “ ဒေးဗစ်(ဒီဂီယာ)က အိန်ဂျယ်ကို ဆက်သွယ်ပြီးတော့ သူနဲ့အတူ ရက်အနည်းငယ် လေ့ကျင့်ပေးဖို့ ပြောခဲ့ပါတယ်။ သူတို့တွေက ပုဂ္ဂိုလ်ရေးကိစ္စ တချို့ကို ဆွေးနွေးခဲ့တယ်။ ပြီးတော့ သူတိုးတက်သင့်တယ်လို့ ထင်တဲ့ နည်းစနစ် တချို့အကြောင်းလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒေးဗစ်က သူ တစ်ခုခု လုပ်သင့်တဲ့ အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။ ဒေးဗစ်က နံပါတ်တစ် နေရာမှာ အချိန်အကြာကြီး ရှိနေခဲ့သူ ဖြစ်ပေမယ့် သူက ၂၉နှစ်ပဲ ရှိပါသေးတယ်။ သူက အခုချိန်အထိ သင်ယူနိုင်ဆဲ ဖြစ်သလို တိုးတက်နိုင်စွမ်းလည်း ရှိသူ တစ်ဦးပါ။ ပြီးတော့ စိန်ခေါ်မှုအသစ်တွေကိုလည်း ရင်ဆိုင်ချင်သူပါ “ လို့ ပြောပြ သွားခဲ့ပါတယ်။