အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အဓိက ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ကတော့ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ဝုလ်ဗ် အသင်းနဲ့ ပွဲစဉ်ကို အနိုင်ရရှိခဲ့တဲ့ အတွက် ပွဲအပြီးမှာ အသင်း ရဲ့ ကစားသမားတွေကို ချီးကျုး စကားပြောဆိုခဲ့ပြီးတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုထက် နောက်ပွဲစဉ်တွေကိုသာ ပိုမို အာရုံစိုက်သင့်ကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းရဲ့ တိုက်စစ်ကစားသမား ဖြစ်သူ မားကပ် ရက်ရှ်ဖို့ဒ် ရဲ့ အချိန်ပို ၉၃ မိနစ်အရောက်မှ သွင်းယူခဲ့တဲ့ နောက်ကျ သွင်းဂိုးဟာ အသင်းအတွက် အနိုင်ရလဒ်ကို ပုံဖော်နိုင်ခဲ့ပြီးတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာကို တက်လှမ်းသွားစေခဲ့ပါတယ်။

Photo Credit: Express

 

မန်ယူနိုက်တက် အသင်း အနေနဲ့ အဆိုပါ နိုင်ပွဲကြောင့် နောက်ဆုံး ကစားထားတဲ့ ပရီးမီးယား ၉ ပွဲဆက် ရှုံးပွဲမရှိဆိုတဲ့ စံချိန်ကို ပိုင်ဆိုင်သွားပြီးတော့ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ လီဗာပူးအသင်းကိုလည်း ၂ မှတ် အကွာနဲ့ လိုက်လံ ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူ အသင်းရဲ့ ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ကတော့ အဆိုပါ နိုင်ပွဲနဲ့ ပတ်သက်ပြီး MUTV ကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ “ ဒီနိုင်ပွဲက ကျွန်တော်တို့ အတွက် ကြီးမားတဲ့ နိုင်ပွဲပါပဲ။ ကျွန်တော်တို့ နောက်ဆုံးမိနစ်ရောက်ကာမှ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်းက အသင်းကောင်း တစ်သင်းဖြစ်တာကြောင့် အတော်လေး ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အသင်းရဲ့ ဒီပုံစံ၊ ဒီကစားပုံက ဇယားထိပ်ကို ရောက်စေနိုင်မယ့် ကစားပုံမျိုးပါ။ ဒါပေမယ့် အရေးကြီးဆုံးကတော့ အက်စတွန်ဗီလာ နဲ့ ပွဲစဉ်အတွက် အဆင်သင့်‌ ဖြစ်ပြီးတော့ အကောင်းဆုံး ပြန်လည် သက်သာလာနိုင်ဖို့ပါပဲ ”

Photo Credit: Express

“ ဝုလ်ဗ် က အတော်လေး ကောင်းတဲ့ အသင်းပါ။ သူတို့ အကောင်းဆုံး ခံစစ်ပိတ်ကစားနိုင်တယ်။ ရှေ့တန်းမှာ ရှိနေတဲ့ သူတို့ အသင်းရဲ့ ကစားသမားတွေကလည်း တန်ပြန်တိုက်စစ်ဆင်တာ အတော်လေးကောင်းတယ်။ အဲ့ဒီပွဲစဉ်က အတော်လေး ခက်ခဲခဲ့တဲ့ ပွဲစဉ်ပါ။ သူတို့ အခွင့်အရေးကောင်းတွေလည်း ရခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမိနစ်မှာ ဂိုးရတာက အမြဲ ကောင်းမွန်ပါတယ်။ အနိုင်ရမှတ် ၃ မှတ်က ကျွန်တော်တို့ အတွက်တော့ အတော်လေး အရေးပါ ပါတယ်။ ကျွန်တော်တို့ အနေနဲ့ စိတ်အေးအေးထားဖို့တော့ လိုပါမယ်။ နောက်ထပ် ကစားဖို့ ပွဲစဉ်တွေ အများကြီး ကျန်ပါသေးတယ်။ ကျွန်တော်တို့ အနေနဲ့ ရှည်ရှည်ဝေးဝေးကို မျှော်မကြည့်ပဲ နောက်လာမယ့် ပွဲစဉ်ကိုပဲ အပြည့်အဝ အာရုံစိုက်သင့်ပါတယ်။ ကစားသမားတွေ အနေနဲ့ အကောင်းဆုံး ပြန်လည် သက်သာလာဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ကစားပွဲတွေ အများကြီး ကစားခဲ့ပြီးပြီ။ သူတို့လည်း အတော်လေး ပင်ပန်းနေကြပါပြီ။ အရေးကြီးဆုံး အချက်ကတော့ အကောင်းဆုံး ပြန်လည်သက်သာလာဖို့ပါပဲ။ ခင်ဗျား အနေနဲ့ အဆုံးသတ်အချိန်အထိ တိုက်ပွဲဝင်နေဖို့ လိုအပ်ပါတယ်။ ခင်ဗျားသာ ယုံယုံကြည်ကြည် နဲ့ ဆက်ပြီး တိုက်နေရင် ကျွန်တော်တို့ ဒီနေ့မှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးမျိုး သွင်းနိုင်ပါလိမ့်မယ် ” လို့ ပြောဆိုခဲ့ပါတယ်။