ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ အဓိကဂိုးသမား ဖြစ်တဲ့ ဒေးဗစ် ဒီဂီယာကတော့ မန်ယူအသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ဆက်ရှိနေဖို့အတွက် ယခု ပြသနေတဲ့ လက်စွမ်းတွေထက် ပိုမို ပြသရဖို့ ရှိနေတယ် လို့ The Times သတင်းဌာနက ရေးသား ဖော်ပြသွားခဲ့ပါတယ်။ မန်ယူအသင်းမှာ ဆယ်စုနှစ် တစ်စုနီးပါးကြာအောင် နံပါတ်တစ် ဂိုးသမား နေရာကို သိမ်းပိုက်ထားနိုင်တဲ့ စပိန် ဂိုးသမား ဒီဂီယာဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား စာရင်းဝင် ကစားသမား တစ်ဦး ဖြစ်ပြီး သူ့ရဲ့ လျှပ်တပြက် ကာကွယ်မှုတွေ ၊ ခြေထောက် နဲ့ ကာကွယ်ရာမှာ ကျွမ်းကျင်မှုတွေက ဒီဂီယာကို ပရီးမီးယားလိဂ်မှာသာမက ကမ္ဘာပေါ်မှာပါ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရစေပါတယ်။

Photo Credit: Express

ဒါပေမယ့် ယခုနှစ် အတောအတွင်းမှာတော့ ဒီဂီယာဟာ လက်စွမ်းတည်ငြိမ်မှုအပိုင်းမှာ အခြား ထိပ်သီးအသင်းတွေရဲ့ ဂိုးသမားတွေနဲ့ ယှဉ်လိုက်ရင် အနည်းငယ် အားနည်းနေတယ် လို့ ဆိုနိုင်ပြီး ယမန်နေ့က ကစားခဲ့တဲ့ စပါး အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲမှာလည်း သူ့ရဲ့ အားနည်းချက်ကြောင့် စပါးအသင်းရဲ့ အဖွင့်ဂိုး ကို ခွင့်ပြုပေးခဲ့ရတယ်လို့ ဝေဖန်ခံနေရသူ တစ်ဦးပါ။ မန်ယူအသင်း နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ စပါးအသင်းနဲ့ ပွဲမှ ဒီဂီယာရဲ့ အမှားနဲ့ ပတ်သတ်ပြီး ဘာ့ချ်ဝင့်ရဲ့ ကန်သွင်းချက် အတော်လေး ကောင်းမွန်လို့သာ ဂိုးပေးခဲ့ရတာ ဖြစ်ကြောင်း ကာကွယ် ပြောဆိုခဲ့သလို ဆွန်ဟောင်မင်ရဲ့ ခေါင်းတိုက်ချက်ကို ကာကွယ်နိုင်ခဲ့တာဟာလည်း ဒီဂီယာဟာ ဘယ်လို ကစားသမားမျိုးလဲဆိုတာ ပြသနေကြောင်း ဒီဂီယာကို ကာကွယ်ပြောဆို ထားခဲ့ပါတယ်။

Photo Credit: Express

The Times သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ဆိုးလ်ရှားဟာ ဒီဂီယာကို ကာကွယ် ပြောဆိုခဲ့ပေမယ့် ဒီဂီယာ အပေါ် အပြည့်အဝ ယုံကြည်ခြင်း မရှိတော့ပဲ လက်ကျန် ပွဲစဉ်တွေမှာသာ အမှားအယွင်းတွေ ဆက်ရှိနေမယ် ဆိုရင် တော့ လာမယ့် ဘောလုံးရာသီမှာ ဒီဂီယာကို အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဘွဲ့ကို ပေးအပ် တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်​။ လက်ရှိ အချိန်မှာ မန်ယူအသင်းကနေ ရှက်ဖီးလ်အသင်း ထံကို အငှားနဲ့ သွားရောက် ကစားနေတဲ့ ဂိုးသမားလေး ဟန်ဒါဆန်ဟာ အတော်လေးကို လက်စွမ်းပြ ကစားနေနိုင်တဲ့ ဂိုးသမား တစ်ဦး ဖြစ်ပြီး သူဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ပေးဂိုးခွင့်မပြုခဲ့ရတဲ့ ပွဲစဉ် ၁၁ပွဲအထိ ရှိနေပြီး ရွှေလက်အိတ်ဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ ဂိုးသမား တစ်ဦးလည်း ဖြစ်ပါတယ်။ The Times သတင်းဌာနရဲ့ အဆိုအရမန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ လာမယ့် ဘောလုံးရာသီမှာ ဟန်ဒါဆန်ကို အသင်းထံ ပြန်လည် ခေါ်ယူကာ နေရာပေးသွားဖို့ စဉ်းစားထားကြောင်း သိရပြီး ဒီဂီယာအနေနဲ့ လက်ရှိထက် ပိုတဲ့ လက်စွမ်းတွေကို ထုတ်မပြခဲ့ရင်တော့ နံပါတ်တစ် ဂိုးသမားဆိုတဲ့ ဘွဲ့တံဆိပ် ကို လက်လွှတ်ရဖွယ် ရှိနေပါတယ်။