ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်းနဲ့ စပိန်အသင်းတို့ရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် သတ်မှတ် ခံထားရတဲ့ ဂိုးသမား ဒီဂီယာ ကတော့ မန်ယူအသင်းမှာ တက်သစ်စ လူငယ် ဂိုးသမားလေး ဟန်ဒါဆန် သူဟာ မန်ယူ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ဆက်ရှိ နေမယ် လို့ ယုံကြည်ထားကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၉ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဝါရင့် ဂိုးသမား ဒီဂီယာဟာ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ် ခံထားရပေမယ့် အချို့ပွဲစဉ်တွေမှာ မထင်မှတ် ထားတဲ့ အမှားအယွင်းတွေ ကျူးလွန် လေ့ ရှိတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် ခဲ့ရပြီး အသင်းထံကို လူငယ် ဂိုးသမား ဟန်ဒါဆန် ပြန်ရောက်လာတာ ဟာ ဒီဂီယာရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို အကြီးအကျယ် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ် လို့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။

 

Photo Credit: Metro

ဒီဂီယာဟာ မန်ယူ အသင်းထံကို ၂၀၁၁ ခုနှစ် ကတည်းက ရောက်ရှိလာသူ ဖြစ်ပြီး မန်ယူ အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဖာဂူဆန် ထားခဲ့တဲ့ နောက်ဆုံး အမွေအဖြစ် မန်ယူအသင်း ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူပါ။ ဒါပေမယ့် တစ်ဖက်မှာလည်း ဒီဂီယာဟာ အရေးကြီးတဲ့ ပွဲစဉ်တွေ ရောက်ရင် အာရုံစူးစိုက်မှု လျော့သွားတတ်ပြီး အဆိုပါကိစ္စကြောင့်ပဲ သူ့ရဲ့ အနာဂတ် အတွက် စိုးရိမ်သူတွေ များပြား နေပါတယ်။ မန်ယူ အသင်းထံ ပြန်လည် ရောက်ရှိ လာခဲ့တဲ့ လူငယ် ဂိုးသမား ဟန်ဒါဆန်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုစလုံးမှာ ရှက်ဖီးလ် အသင်းထံ အငှားနဲ့ သွားရောက် ကစားခဲ့သလို သင့်တော်တဲ့ လက်စွမ်းတွေကို ပြသ နိုင်ခဲ့တာကြောင့် လက်ရှိ ဘောလုံးရာသီမှာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို ဒီဂီယာနဲ့ အပြိုင် လုနိုင်မယ့်သူ အဖြစ် ထင်ကြေး ပေးခံထားရပါတယ်။

Photo Credit: Metro

ဟန်ဒါဆန်ရဲ့ လက်စွမ်းကို ပြီးခဲ့တဲ့ ကာရာဘောင်း ဖလားပွဲစဉ် ဖြစ်တဲ့ လူတန်အသင်းနဲ့ ပွဲစဉ်မှာ မြင်တွေ့ ခဲ့ရပြီး ဒီဂီယာ အနေနဲ့ အမှားတွေကို ဆက်ပြီး ကျူးလွန်နေမယ် ဆိုရင်တော့ ဟန်ဒါဆန်ကို နံပါတ်တစ် ဂိုးသမား နေရာ လွှဲပေးရဖွယ် ရှိကြောင်း ဘောလုံး သုတေသီတွေက သုံးသပ် ထားကြပါတယ်။ ဒါပေမယ့် ဒီဂီယာ ကတော့ သူ့ရဲ့ နေရာအတွက် စိုးရိမ်ပူပန်ခြင်း မရှိပဲ သူဟာ မန်ယူအသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာမှာ နှစ်ပေါင်းများစွာ ထပ်မံ ရှိနေလိမ့်မယ် လို့ ပြောပြသွားပါတယ်။ သူ့ရဲ့ နံပါတ်တစ် ဂိုးသမား နေရာနဲ့ ပတ်သတ်ပြီး ဒီဂီယာက ” ဒီအသင်းမှာ ရှိနေရတာကို ကျွန်တော် အရမ်း ပျော်ပါတယ်။ ပြီးတော့ ဒီအသင်းမှာ နှစ်ပေါင်းများစွာ ဆက်ရှိနေလိမ့်မယ် လို့လည်း မျှော်လင့် ထားပါတယ်။ ဒီအသင်းနဲ့ ဆုဖလားတွေ ထပ်မံ ရရှိဖို့ မျှော်လင့်ထားသလို အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာမှာ အကြာကြီး ရှိနေဦးမယ် လို့လည်း မျှော်လင့် ထားပါတယ် ” ဆိုပြီး ဖွင့်ဟ ပြောကြား သွားခဲ့တာပါ။