ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ စပိန် လက်ရွေးစင် ဂိုးသမားဖြစ်သူ ဒေးဗစ် ဒီဂီယာဟာ ဗီလာရီးရဲလ်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ဖိုင်နယ်မှာ တဖက်အသင်းက ကန်သွင်းတဲ့ ပင်နယ်တီ ၁၁လုံးကို ပုတ်ထုတ်နိုင်ခြင်း မရှိသလို သူ ကန်သွင်းရတဲ့ ပင်နယ်တီကိုလည်း ဝင်အောင် ကန်သွင်းနိုင်ခြင်း မရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ ဖြစ်ရပ်အပြီးမှာ အသင်းရဲ့ ပထမ ဦးစားပေး ဂိုးသမား အဖြစ် ကနေ ဒုတိယ ဦးစားပေး ဂိုးသမား အဖြစ် ပြောင်းလဲ သတ်မှတ်ခံခဲ့ရကြောင်း သိရပါတယ်။ အသက် ၃၀အရွယ် စပိန် လက်ရွေးစင် ဂိုးသမား ဒီဂီယာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ မရှိမဖြစ် ဂိုးသမား တဦး အဖြစ် ကာလရှည် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ သူ့ရဲ့ လက်စွမ်းဟာ ပုံမှန်အောက်ကို ကျဆင်းနေပါတယ်။

Photo Credit: Standard

ဒီဂီယာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဆယ်စုနှစ် တစုနီးပါး ကြာအောင် ကစားခဲ့သူ ဖြစ်သလို ကမ္ဘာ့ထိပ်တန်း ဂိုးသမား တဦး အဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် နောက်ဆုံး ၃နှစ် အတွင်းမှာ သူ့ရဲ့ လက်စွမ်းဟာ ယခင်ကလောက် တည်ငြိမ်မှု မရှိတော့သလို အမှားအယွင်းတွေကိုလည်း မကြာခဏ ဆိုသလို ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီဂီယာဟာ စပိန်လက်ရွေးစင် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို လက်လွှတ် ဆုံးရှုံးခဲ့ရသလို ယခုတခါမှာလည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဂုဏ်ပုဒ်ကို အသင်းရဲ့ လူငယ် ဂိုးသမားဖြစ်သူ ဟန်ဒါဆန်ထံ လွှဲပြောင်းလိုက်ရပြီ ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားဟာ ယူရိုပါလိဂ်ဖိုင်နယ် အပြီးမှာ ဒီဂီယာနဲ့ နှစ်ဦးထဲ တွေ့ဆုံ ဆွေးနွေးမှုကို ပြုလုပ်ခဲ့ပြီး အဆိုပါ တွေ့ဆုံဆွေးနွေးမှုမှာ ဆိုးလ်ရှားက ဒီဂီယာအနေနဲ့ လာမယ့် ဘောလုံးရာသီမှာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ဆက်လက် ရှိနေဖို့ မမျှော်လင့်ထားသင့်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ စပိန်အခြေစိုက် သတင်းဌာနတွေ ကတော့ ဒီဂီယာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဒုတိယ ဦးစားပေး ဂိုးသမား အဖြစ်သာ ကစားခွင့် ရမယ် ဆိုရင် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်းနဲ့ အီတလီ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ဒီဂီယာကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း ဖော်ပြထားကြပါတယ်။ ဒီဂီယာနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ လမ်းခွဲကို မကြာခင်မှာပဲ မြင်တွေ့လာရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပါ။