ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးနဲ့ အင်္ဂလန်ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိအချိန်မှာ စပါးရဲ့ အကယ်ဒမီ နည်းပြတဦး အဖြစ် လုပ်ကိုင်နေတဲ့ ဂျာမိန်း ဒီဖိုးကတော့ လတ်တလောမှာ ပုံစံကောင်းတွေ ရနေတဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းစလုံးဟာ ရာသီကုန်ရင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်လိမ့်မယ်လို့ သုံးသပ်စကား ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ယခုနှစ် ဘောလုံးရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ အသီးသီး ပြသထားနိုင်တဲ့ အသင်းတွေ ဖြစ်ကြပြီး အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၆) အပြီးမှာ ၅ပွဲနိုင် ၊ ၁ပွဲရှုံး ရလဒ်နဲ့ အဆင့်၁ နေရာကို သိမ်းပိုက်ထားနိုင်သလို မန်ချက်စတာ ယူနိုက်တက်ကလည်း နောက်ဆုံး ကစားခဲ့တဲ့ ၄ပွဲဆက် အနိုင်ရရှိထားမှုကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်၅ နေရာကို ရရှိထားပါတယ်။

Photo Credit: Standard

အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းစလုံးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်၅နဲ့ အဆင့်၆တွေကိုသာ ရခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ကောင်းမွန်တဲ့ လူအင်အား ဖြည့်တင်းမှုတွေ ၊ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် ရေပန်းစားနေကြပါတယ်။

ဒါပေမယ့် ဒီဖိုးကတော့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ ချယ်လ်ဆီး ၊ စပါး ၊ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူးလို့ ယုံကြည်နေပြီး အချိန်တန်ရင် ချယ်လ်ဆီး ၊ စပါး ၊ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ကသာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရသွားလိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ဒီဖိုးက – “ကျွန်တော်က ဘယ်အသင်းဟာ ချန်ပီယံဆုကို ရသွားမလဲ။ ဘယ်အသင်းက ဒုတိယနေရာကို ရမလဲ ဆိုတာကို မပြောချင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက် ဒီရာသီမှာ အဆင့်၄ အတွင်းကို ဝင်မယ့် အသင်းတွေဟာ မန်ချက်စတာ စီးတီး ၊ လီဗာပူး ၊ စပါးနဲ့ ချယ်လ်ဆီးတို့ပါပဲ။ ကျွန်တော်က ဒါကို အကြောင်းမဲ့သက်သက် ပြောနေတာ မဟုတ်ပါဘူး။ လူစာရင်းကို ကြည့်ပြီး ပြောတာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။