ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုအတွက် လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို အပြိုင်ဖိအားပေးနေကြတဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့က ဒီတစ်ပတ် ပွဲစဉ်(၂၁)မှာ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး တစ်ဖက်ကို (၂)ဂိုးစီ သရေကျသွားခဲ့တာကြောင့် အမှတ်ပေးဇယား ဒုတိယနေရာက ချယ်လ်ဆီးနဲ့ ဇယားထိပ်က မန်စီးတီးတို့ကြား ရမှတ်ကွာဟမှုက (၁၀)မှတ်ထိကို ရှိသွားခဲ့ရသလို တတိယနေရာ လီဗာပူးလ်နဲ့ကလည်း (၁၁)မှတ်အထိကို ကွာဟသွားခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီပွဲစဉ်မှာ ဧည့်သည်လီဗာပူးလ်အသင်းက ပထမပိုင်း ပွဲချိန်(၂၆)မိနစ်အတွင်းမှာပဲ မာနေး ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့ စောစောစီးစီး ဦးဆောင်ထားခဲ့ပေမယ့်လည်း ချယ်လ်ဆီးက ပထမပိုင်း ပြီးခါနီးမှာ ချေပဂိုးတွေ ပြန်လည်သွင်းယူခဲ့ရင်း သရေပွဲတစ်ပွဲကို ဦးတည်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ကနေ သရေရလဒ် ထွက်ပေါ်လာခဲ့တာကြောင့် အာဆင်နယ်ကို နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းအတွက် ချန်ပီယံဆုကို ဆက်လက်ကာကွယ်သွားနိုင်ဖို့က အခြေအနေကောင်းတစ်ခုကို ရောက်ရှိသွားခဲ့ရပြီလို့ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က ဝန်ခံပြောဆိုခဲ့ပါတယ်။

Photo Credit : Daily Mail

ဗန်ဒိုက်က “ယုံကြည်မှုထားဖို့က ဘယ်တော့မှ မခက်ခဲပါဘူး။ ဒါက ကြီးမားတဲ့ ကွာဟချက်တစ်ခုပါ။ ဒီအချိန်မှာ သူတို့က ရှုံးပွဲတွေ့မယ်ဆိုရင်တောင် ချန်ပီယံ ဖြစ်နေဦးမှာပါ။ ဒါပေမယ့် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း ချန်ပီယံဆု ပြေးလမ်းထဲမှာ ရှိလို့နေပြီးတော့ ဒီကွာဟချက်ကို ကျဉ်းမြောင်းအောင် လုပ်ခဲ့သင့်ပေမယ့်လည်း စွန့်လွှတ်ခဲ့ရတယ်။ ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့တွေ တခြားအသင်းတွေပေါ် အာရုံထားမနေပဲ ကိုယ့်အသင်းအပေါ်မှာသာ အာရုံစိုက်ရမယ်။ ချယ်လ်ဆီးအသင်းလည်း ဒီလိုပဲ လုပ်ဆောင်လိမ့်မယ်လို့ ထင်ပါတယ်။ ရလဒ်တွေကောင်းဖို့ နိုင်ပွဲတွေ ရယူဖို့နဲ့ အကောင်းဆုံး ကစားနိုင်ဖို့ပဲ အာရုံစိုက်ထားရမယ်။ ကြားရတာတော့ အလွယ်လေးလို့ ထင်ရပေမယ့် အားလုံး မြင်တွေ့ထားတဲ့အတိုင်း အလွန်ကို ခက်ခဲပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ နောက်ဆုံး ကစားထားခဲ့တဲ့ ပရီးမီးယားလိဂ် (၅)ပွဲမှာ ဗီလာ နယူးကာဆယ်တို့ကိုသာ အနိုင်ရခဲ့ပြီး ချယ်လ်ဆီး စပါးတို့ကို သရေကျခဲ့သလို လက်စတာကိုတော့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်ဟာ လိစ်ဒ်ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်က ကိုဗစ်ဂယက်တွေကြောင့် ဒီပွဲကျန်ကို အနိုင်ရလိုက်မယ်ဆိုရင် ရမှတ်(၄၅)မှတ်နဲ့ ဒုတိယနေရာကို ရောက်ရှိမှာ ဖြစ်ပေမယ့်လည်း ဇယားထိပ်က မန်စီးတီးနဲ့တော့ (၈)မှတ်ထိ ကွာဟနေရဦးမှာ ဖြစ်ပါတယ်။