တိုက်စစ်ကစားသမားတစ်ယောက်အတွက် သွင်းဂိုးတွေရယူဖို့ဆိုတာ မခက်ခဲပေမယ့်လည်း အသင်းအတွက် ပေးဂိုးတွေမရအောင် တာဝန်ယူပေးနေရတဲဲ့ ခံစစ်ကစားသမားတစ်ယောက်အတွက်တော့ ဂိုးတွေများစွာ သွင်းယူနိုင်ဖို့ဆိုတာတော့ မလွယ်ကူပါဘူး။ ခံစစ်ပိုင်းကို လုံခြုံအောင် တာဝန်ယူပေးနေရရင်းနဲ့ အခါအခွင့်သင့်မှသာ ထောင့်ကန်ဘောနေတစ်ဆင့်ဖြစ်စေ ပြစ်ဒဏ်ဘောတွေကနေဖြစ်စေ သွင်းဂိုးတွေကို ရယူတတ်တာဖြစ်ပါတယ်။ ဒီလို သွင်းဂိုးတွေရယူတတ်လေ့ရှိတဲ့ ခံစစ်ကစားသမားတွေထဲကမှ ဒီရာသီအတွင်း ဥရောပထိပ်သီးလိဂ်တွေထဲကမှ ခံစစ်မှူးတွေထဲမှာ ဂိုးသွင်းအများဆုံးသူကတော့….ဖီးလစ်မက်ဇ်ပဲဖြစ်ပါတယ်။

Photo Credit : Getty Images

ဖီးလစ်မက်ဇ်ဆိုတာကတော့ အသက်၂၆နှစ်သာရှိသေးတဲ့ ဂျာမန်ဘယ်နောက်ခံကစားသမားတစ်ယောက်ဖြစ်ပြီး ဘွန်ဒက်လီဂါကလပ် အော့စ်ဘတ်မှာ ပါဝင်ကစားနေသူလည်းဖြစ်ပါတယ်။ လိုအပ်ရင် အသင်းအတွက် ကွင်းလယ်ဘယ်ခြမ်းနဲ့ ဘယ်တောင်ပံကစားသမားအဖြစ် ဆော့ကစားတတ်တဲ့ ဖီးလစ်မက်ဇ်က ဒီရာသီမှာ အော့စ်ဘတ်အတွက် ဘွန်ဒက်လီဂါသွင်းဂိုး၆ဂိုးတောင် သွင်းယူထားနိုင်ခဲ့တဲ့အပြင် အသင်းဖော်တွေအတွက်ကိုလည်း ဂိုး၅ဂိုးအထိရအောင် ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ မက်ဇ်က ဒီရာသီမှာ ဘွန်ဒက်လီဂါ ၁၈ပွဲ ကစားထားတာဖြစ်လို့ သူရဲ့သွင်းဂိုးနဲ့ ပွဲအရေအတွက်ကို အချိုးချလိုက်မယ်ဆိုရင် ၃ပွဲကို ၁ဂိုးလောက်အထိ သွင်းယူထားကြောင်း တွေ့မြင်ရနိုင်မှာပဲဖြစ်ပါတယ်။

Photo Credit : Getty Images

ဘယ်ခြမ်းကနေ သွင်းဂိုးတွေကို ဖန်တီးပေးတဲ့နေရာမှာ ထူးချွန်သူဖြစ်တဲ့ ဖီးလစ်မက်ဇ်ကို ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက လီဗာပူးလ်အသင်းကနေ ခေါ်ယူဖို့ ကြိုးစားဖူးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ အသင်းပြောင်းခဲ့ရခြင်းမရှိပဲ အော့စ်ဘက်မှာပဲ ဆက်လက်ကျန်ရှိနေခဲ့ရပါတယ်။ ရှော်ကေး ဘိုင်ယန်မြူးနစ် လူငယ်အသင်းတွေမှာ ကျင်လည်ဖူးခဲ့တဲ့ ှဖီးလစ်မက်ဇ်ဟာ လီဗာပူးလ်လို အသင်းမျိုးဆီ မပြောင်းခဲ့ရပေမယ့် ရပ်တန့်သွားခြင်းမရှိတဲ့ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကြောင့် အသင်းကြီးပေါင်းများစွာရဲ့ ပစ်မှတ်အဖြစ် ဆက်လက်ရှိနေဦးမှာ သေချာနေသလို ရာသီမကုန်သေးတာကြောင့် သူရဲ့သွင်းဂိုးတွေကို ဆက်လက်မြင်တွေ့ရဦးမှာ သေချာနေပါတယ်။ လက်ရှိခြေစွမ်းတွေကြောင့် လာမယ့်ရာသီလောက်မှာ ဖီးလစ်မက်ဇ်ကို ဘိုင်ယန်မြူးနစ် ဒေါ့မွန် လိုက်ပ်ဇစ်တို့လို ဘွန်ဒက်လီဂါအသင်းကြီးတွေ ဒါမှမဟုတ် အခြားလိဂ်ရဲ့ထိပ်သီးအသင်းကြီးတွေမှာ မြင်တွေ့ရဖွယ် ရှိနိုင်ပါတယ်။