ဝက်ဖို့ဒ်အသင်းရဲ့ အသင်းခေါင်းဆောင်လဲ ဖြစ် ၊ အဓိကတိုက်စစ်မှူးလည်း ဖြစ်တဲ့ ဒီနေး ကတော့ မန်ယူအသင်းကို ဝက်ဖို့ဒ်အသင်းက သုံးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ မန်ယူအသင်းကို အသာစီးရရှိဖို့ သူတို့ အသုံးပြုခဲ့တဲ့ နည်းစနစ်အကြောင်းကို အင်တာဗျူးတစ်ခုမှာ ဖွင့်ဟ​ ပြောဆိုသွားခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ ဝက်ဖို့ဒ်အသင်းဟာ မန်ယူအသင်းရဲ့ ဖိအားပေးမှုတွေအောက်မှာ ရုန်းကန်ခဲ့ရပြီး မန်ယူအသင်း က ခေါ်ယူထားတဲ့ ကွင်းလယ်လူသစ် ဖာနန်ဒက် ဟာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကာ ဝက်ဖို့ဒ် အသင်းဘက်ကိုလည်း ပင်နယ်တီကနေတဆင့် သွင်းဂိုး တစ်ဂိုး သွင်းယူသွားခဲ့ပါတယ်။

Photo Credit: Metro.com

ဒီနေးကတော့ အဆိုပါပွဲစဉ်မှာ သူတို့အသင်းဟာ မန်ယူအသင်းရဲ့ ကွင်းလယ်လူ ဖရက်ဒ်ကို ဖိအားပေးပြီး ရလာတဲ့ ဘောလုံးတွေနဲ့ မန်ယူ အသင်းကို တိုက်စစ်ဆင်ဖို့ ကြိုးစားလာတယ် လို့ အဆိုပါ အင်တာဗျူးမှာ ရှင်းပြသွားခဲ့တာပါ။ ဒါ့အပြင် ဒီနေးက ဘောလုံးဆုံးရှုံးမှုတွေ ရှိနေပေမယ့် ဖရက်ဒ်ဟာ အမြဲတမ်း ဘောလုံး လက်ခံလိုနေတဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပြီး ဖရက်ဒ်ကို ဖိအားပေးပြီး ကစားဖို့အတွက် ဆုံးဖြတ်ချက်ဟာ နည်းပြက ချမှတ် ပေးထားတာ မဟုတ်ပဲ သူတို့အနေနဲ့ ပွဲတွင်းကို ရောက်မှသာ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်းနဲ့ အဆိုပါ နည်းစနစ်ဟာ အလုပ် ဖြစ်ခဲ့သေးပေမယ့် ပွဲကို အနိုင်ရဖို့အထိတော့ အသုံးမဝင်ခဲ့ဘူးလို့ ဆိုသွားခဲ့ပါတယ်။

Photo Credit: Metro.com

ဒီနေးက ” ကျွန်တော့်အထင် ဖာနန်ဒက်က အရမ်းကို ကောင်းခဲ့ပါတယ်။ အရမ်းကောင်းတဲ့ သူ့ရဲ့ ကစားပုံက ကျွန်တော့်ကို အံ့အားသင့်စေခဲ့ပါတယ်။ ကျွန်တော်က ဖရက်ဒ်ကို သဘောကျပါတယ်။ သူက ဘောလုံးတွေ ဆုံးရှုံးလေ့ရှိပေမယ့် အမြဲတမ်း ဘောလုံးတွေ လက်ခံချင်နေတဲ့ ကစားသမားပါ။ တစ်ခါတလေကျရင် ကစားသမားတစ်ယောက် ဘောလုံးဆုံးရှုံးသွားတာနဲ့ သူတို့က အနောက်ကို ပြန်ဆင်းတာတေ​ွကို အားလုံးလဲ သိရှိကြမှာပါ။ ကျွန်တော်တို့က ဖရက်ဒ် ကို ပစ်မှတ်ထား ကစားခဲ့ကြပါတယ်။ ဒါက နည်းပြရဲ့ နည်းစနစ်တော့ မဟုတ်ပါဘူး။ ပွဲထဲကို ရောက်မှ ကျွန်တော်တို့တွေ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ပါ။ ပွဲထဲမှာလည်း သူက ဘောလုံးကို နှစ်ကြိမ် ၊ သုံးကြိမ်လောက် ဆုံးရှုံးခဲ့ပါသေးတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ သူတို့က ကျွန်တော်တို့ကို အနိုင်ယူသွားခဲ့ပါတယ် ” လို့ ပြောပြသွားခဲ့တာပါ။