စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာရာထူးကို ရယူထားတဲ့ ဒေကိုက မကြာသေးမီကပဲ ရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ်လို့ တရားဝင် ကြေညာထားတဲ့ နည်းပြချုပ် ဇာဗီကို နောက်ရာသီမှာလည်း အသင်းမှာသာ ဆက်မြင်ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၄၄နှစ် အရွယ် စပိန်နဲ့ ဘာစီလိုနာတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဇာဗီက ကစားသမားဘဝ ကနေ အနားယူပြီးနောက် ကာတာကလပ် အယ်လ်ဆတ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့ရာ ၂နှစ် အတွင်းမှာ အယ်လ်ဆတ်ကို ဆုဖလား ၆လုံး အထိ ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

အယ်လ်ဆတ်ကို ကာလတိုအတွင်းမှာ ဆုဖလား ၆လုံး အထိ ယူပေးနိုင်ခဲ့တာကြောင့် ၂၀၂၁ခုနှစ်မှာ ဘာစီလိုနာက ဇာဗီကို အားကိုးတကြီးနဲ့ နည်းပြချုပ် အဖြစ် ခန့်အပ် တာဝန်ပေးခဲ့ပြီး ဇာဗီကလည်း သူ့ရဲ့ ပထမရာသီမှာ အသင်းအတွက် ဆုဖလားတွေ မယူပေးနိုင်ခဲ့ပေမယ့် ဒုတိယရာသီမှာတော့ လာလီဂါဆုဖလားနဲ့ စပိန်စူပါဖလားတို့ကို အရယူပေးနိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း ဇာဗီက ဘာစီလိုနာကို စပိန်စူပါဖလား ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့သလို ကိုပါဒယ်ရေးပြိုင်ပွဲမှာလည်း ဘီလ်ဘာအိုကို ရှုံးနိမ့်ကာ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကနေပဲ ထွက်ခွာခဲ့ရပါတယ်။

Photo Credit: Standard

ဒါ့အပြင် လာလီဂါပြိုင်ပွဲမှာလည်း ဘာစီလိုနာက အဆင့်(၃)နေရာ အထိ ရောက်နေသလို အဆင့်(၁)နေရာမှာ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ် ၁၀မှတ် အထိ ပြတ်နေတာကြောင့် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ မလွယ်တော့ပဲ ပြိုင်ပွဲအရပ်ရပ်မှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရတာကြောင့်ပဲ ဇာဗီဟာ ပြီးခဲ့တဲ့ တပတ်မှာ ကစားခဲ့တဲ့ ဘာစီလိုနာ ၃-၅ ဗီလာရီးရဲလ် ပွဲအပြီးမှာ သူဟာ ရာသီကုန်ရင် ဘာစီလိုနာကို စွန့်ခွာတော့မယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။

ဇာဗီက ဘာစီလိုနာကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပေမယ့် ဘာစီလိုနာဥက္ကဌ လာပေါ်တာနဲ့ အားကစားဒါရိုက်တာ ဒေကိုတို့က ဇာဗီကို အသင်းမှာသာ ဆက်လက် ရှိနေစေချင်ကြပြီး ဒေကိုက ဇာဗီကို လာမယ့်ရာသီမှာ အသင်းရဲ့ နည်းပြချုပ် အဖြစ် ဆက်လက် မြင်တွေ့ချင်ကြောင်း ထုတ်ပြောလာပါတယ်။ ဒေကိုက – “ဒီအချိန်က နည်းပြအပြောင်းအလဲ အကြောင်းကို ပြောရမယ့်အချိန် မဟုတ်ပါဘူး။ ဇာဗီက အမြဲတမ်း ကျွန်တော်တို့ကို စပရိုက် တိုက်လေ့ ရှိပါတယ်။ ကျွန်တော်တို့ကတော့ လာမယ့်ရာသီမှာလည်း ဇာဗီကိုပဲ နည်းပြချုပ် အဖြစ် ဆက်မြင်ချင်နေပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။