MySport Myanmar

ဘဏ္ဍာရေး အခြေအနေတွေကြောင့် နေမာကို ပြန်မခေါ်နိုင်ခဲ့တာလို့ ဒေကို ဝန်ခံ

ဘာစီလိုနာအသင်းရဲ့ အားကစား ဒါရိုက်တာသစ် ဖြစ်လာခဲ့တဲ့ ကစားသမားဟောင်းကြီး ဒေကိုက သူတို့အသင်းအနေနဲ့ အသင်းသားဟောင်း နေမာကို ဘာကြောင့် ပြန်လည် မခေါ်ယူနိုင်ခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောဆိုလိုက်ပါတယ်။

နေမာဟာ ဆော်ဒီကလပ် အယ်လ် ဟီလာအသင်းဆီ မပြောင်းရွှေ့ခင်မှာ သူ့အသင်းဟောင်း ဘာစီလိုနာအသင်းဆီ ပြန်သွားဖို့ စီစဉ်ခဲ့သေးပြီး အပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့ နီးစပ်ခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ နေမာက အယ်လ် ဟီလာကိုသာ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : Tribuna

ဒီလို မခေါ်ယူနိုင်ခဲ့တဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဒေကိုက “သူ ဒီကို ပြန်လာချင်နေတယ်ဆိုတာ အားလုံး သိကြမှာပါ။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ဖြစ်မလာခဲ့ရပါဘူး။ ကျွန်တော်တို့က ဒီလို အပြောင်းအရွှေ့ကြီးတစ်ခုကို လုပ်ဆောင်နိုင်ဖို့ မဖြစ်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေရတာကြောင့်ပါ။”

“ကျွန်တော်တို့တွေ ပီအက်စ်ဂျီအသင်းနဲ့လည်း သဘောတူညီမှု ရရှိဖို့ လိုအပ်ပြီး ဒါကလည်း လုပ်ဆောင်ဖို့ မလွယ်ကူတဲ့ အရာတစ်ခုပါ။ ဒါက ကျွန်တော်တို့အတွက် စီးပွားရေးအရ အလားအလာကောင်းတဲ့ အနေအထား ဖြစ်ရမယ့် အခြေအနေ တစ်ခု ဆိုပေမယ့် ဖြစ်မလာနိုင်ခဲ့ရတာဟာ ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေကြောင့်ပါ။” လို့ ရှင်းလင်းသွားခဲ့ပါတယ်။

Photo Credit : SPORT

နေမာက လက်ရှိမှာတော့ မယ်လ်ကွန် နေးဗက်စ် မီလင်ကိုဗစ်ဆာဗစ် ကူလီဘလီတို့နဲ့ အယ်လ် ဟီလာအသင်းသား တစ်ဦး ဖြစ်နေရပြီး ယူရို သန်း(၄၀၀)လောက်အထိ ရှိနိုင်တဲ့ (၂)နှစ်စာချုပ်ကိုပါ ချုပ်ဆိုလို့ထားပါတယ်။

တချို့သတင်းတွေမှာ ဖော်ပြထားတာကတော့ နေမာက အယ်လ် ဟီလာအသင်းနဲ့ (၂)နှစ်အထိ ဖြတ်သန်းပြီးသွားချိန်မှာ သူ့အသင်းဟောင်း ဘာစီလိုနာဆီကို အလွတ်နဲ့ ပြန်လာရင်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ ဘရာဇီးလ်အသင်းနဲ့အတူ ဝင်ရောက် ဆင်နွဲဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Exit mobile version