ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ဆီ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ အင်္ဂလန် ကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်က သူဟာ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်ဖလားကိုရော ချန်ပီယံလိဂ်ဖလားကိုပါ သိမ်းပိုက်ပြမယ်လို့ သူ့ရဲ့ အာဆင်နယ် ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ကြုံးဝါးသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား ၁၀ဦး စာရင်းထဲ ဝင်ရောက်ထားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ အသက်အရွယ် ၊ ခြေစွမ်းနဲ့ ခေါင်းဆောင်နိုင်စွမ်းတို့ကြောင့်ပဲ အာဆင်နယ်က ဒီကလန်ရိုက်စ် အတွက် ဝက်စ်ဟမ်းထံ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၀၅သန်း အထိ ပေးချေခဲ့ရပါတယ်။

Photo Credit: Arsenal

အာဆင်နယ်က ဒီကလန်ရိုက်စ်ကို ၅နှစ် + အပို ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပြီး ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်မှာ ကျောနံပါတ် ၄၁ကို ဝတ်ဆင် ကစားသွားဖို့ ရွေးချယ်ထားပါတယ်။

အာဆင်နယ် ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာတော့ ဒီကလန်ရိုက်စ်က သူဟာ ဆုဖလားတွေ သိမ်းပိုက်ဖို့ အတွက် အာဆင်နယ်ဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

 

Photo Credit: Mirror

ဒီကလန်ရိုက်စ်က – “ကျွန်တော့်ရဲ့ ကစားသမားဘဝကို တဆင့် မြှင့်ရမယ့် အချိန်ကို ရောက်လာပါပြီ။ ကျွန်တော်က ပရီးမီးယားလိဂ်ဖလားကို ယူမယ်။ ပြီးတော့ ချန်ပီယံလိဂ်ဖလားကိုလည်း သိမ်းပိုက်မယ်။ အာဆင်နယ်နဲ့အတူ ကျွန်တော် လိုချင်တဲ့ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့လည်း ယုံကြည်တယ်။ အဲ့ဒီလို ယုံကြည်မှုမျိုးသာ မရှိရင် ကျွန်တော်က အာဆင်နယ်ဆီ ပြောင်းလာမှာ မဟုတ်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ဒီကလန်ရိုက်စ်က အာဆင်နယ်နဲ့ တရားဝင်စာချုပ် ချုပ်ဆိုပြီးနောက် အမေရိကန်နိုင်ငံဆီ ရောက်ရှိနေတဲ့ အာဆင်နယ်အသင်းဆီ လိုက်သွားကာ ရာသီကြို ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပြီး အာဆင်နယ်နည်းပြ အာတီတာက ရိုက်စ်ကို ဩဂုတ်လ ၆ရက်နေ့မှာ ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ ကွန်မြူနတီဒိုင်းလုပွဲမှာ ထည့်သွင်း ကစားဖို့ စီစဉ်ထားပါတယ်။