MySport Myanmar

အချိန်အကြာကြီး ကမ်းလှမ်းခဲ့တဲ့ အာဆင်နယ်ကို ငြင်းပြီး မန်စီးတီးဆီ ပြောင်းမယ့် ရိုက်စ်

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲ ချန်ပီယံ ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်က သူ့ကို ခေါ်ယူဖို့ အချိန်အတော်ကြာအောင် ကြိုးစားလာခဲ့တဲ့ အာဆင်နယ်ကို ငြင်းပြီး ဖလား ၃လုံး ချန်ပီယံ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့တော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်က ကမ္ဘာ့အဆင့် ကွင်းလယ်လူ တဦး ဖြစ်ပြီး သူက ဘောလုံးလမ်းကြောင်း တွက်ဆရာမှာ ထူးချွန်သလို အသင်းရဲ့ ကစားပုံ အနှေး ၊ အမြန်ကို ထိန်းကျောင်းပေးနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ဒီကလန်ရိုက်စ်က လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ ၁၀ဦးထဲမှာ ပါဝင်နေတာကြောင့်ပဲ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပွတ်ကာသီကာ လွဲချော်ခဲ့ရတဲ့ အာဆင်နယ်က ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးစားခဲ့ပြီး ကနဦးမှာ ဒီကလန်ရိုက်စ်ကလည်း အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့ပါတယ်။

ဒါပေမယ့် ယမန်နေ့မှာတော့ ဖလား ၃လုံး ချန်ပီယံ မန်ချက်စတာ စီးတီးက အာဆင်နယ်နဲ့အပြိုင် ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စတင် ကြိုးစားလာခဲ့ပြီး မန်ချက်စတာ စီးတီးက ဒီကလန်ရိုက်စ် အတွက် ဝက်စ်ဟမ်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကို ပေးချေဖို့ ဆုံးဖြတ်ထားသလို ဒီကလန်ရိုက်စ်ကိုလည်း မြင့်မားတဲ့ လုပ်ခလစာ တရပ် ပေးချေမယ့် စာချုပ်တရပ် ကမ်းလှမ်းခဲ့ပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဒီကလန်ရိုက်စ်က မန်ချက်စတာ စီးတီးရဲ့ ကမ်းလှမ်းမှု ရောက်လာပြီးနောက် အာဆင်နယ်ကို ငြင်းပြီး မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကာ မန်ချက်စတာ စီးတီးက မကြာခင်မှာပဲ ဒီကလန်ရိုက်စ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကလည်း ဝက်စ်ဟမ်းဟာ ဒီကလန်ရိုက်စ်ကို မန်ချက်စတာ စီးတီးထံ ရောင်းချဖို့ နီးစပ်နေကြောင်း ထပ်ဆင့် အတည်ပြုပေးထားကြပြီး မန်ချက်စတာ စီးတီးက ဒီကလန်ရိုက်စ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းတန် ကမ်းလှမ်းမှု (သို့) ကွင်းလယ်လူ ကယ်ဗင် ဖီးလစ် + ပေါင် ၇၀သန်း ဆိုတဲ့ ကမ်းလှမ်းမှုမျိုး လုပ်ရန် စီစဉ်ထားကြောင်း ဆိုကြပါတယ်။

Exit mobile version