၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်က သူဟာ သူ့ရဲ့ နိုင်ငံအသင်းဖော်တွေလို ဥရောပရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲတခု ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားချင်ကြောင်း ပြောကြားရင်း သူနဲ့ ဝက်စ်ဟမ်းရဲ့ အနာဂတ် မရေရာတော့ကြောင်းကို ပရိသတ်တွေအား အသိပေးသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်က ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်ပြီး သူဟာ ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင် ရာထူးကို ရယူထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Football London

ဒီကလန်ရိုက်စ်က ဝက်စ်ဟမ်းရဲ့ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်တာကြောင့် အသင်းအပေါ် သံယောဇဉ် ကြီးမားသူ ဖြစ်ပေမယ့် သူ့ရဲ့ ကစားသမား ဘဝမှာ အောင်မြင်မှုတွေ ရယူဖို့ အတွက် အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေပြီး မကြာသေးမီကလည်း ဝက်စ်ဟမ်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချထားပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ အားလုံးက ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဒီကလန်ရိုက်စ်ကလည်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူဟာ ရည်မှန်းချက် ကြီးမားတဲ့ ကစားသမား တယောက် ဖြစ်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် ကစားချင်ကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။

Photo Credit: Football London

ဒီကလန်ရိုက်စ်က – “ကျွန်တော့်ရဲ့ သူငယ်ချင်း တချို့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားပြီး ဆုဖလားတွေ ကိုင်မြှောက်နေတာကို မြင်နေရပါတယ်။ ကစားသမား ဘဝ အဆုံးသတ်သွားတဲ့ အချိန်မှာ ကိုယ်က ကစားသမား ဘဝမှာ ဘယ်လို အောင်မြင်မှုတွေ ယူခဲ့လဲ ဆိုတာကို ပြန်ကြည့်ရတာပါ။ ကျွန်တော်က ရည်မှန်းချက် ကြီးမားတဲ့ ကစားသမား တယောက်ပါ။ ဒါကြောင့် ကျွန်တော်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ပြိုင်တာမျိုး ၊ ဆုဖလားတွေ အတွက် တိုက်ပွဲဝင်ရတာမျိုးကို လုပ်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။