ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် အဓိက ကွင်းလယ်ခံစစ် ကစားသမားလည်း ဖြစ်တဲ့ ဒီကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းရဲ့ တတိယအကြိမ်မြောက် စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ဝက်စ်ဟမ်းက သူ့ကို လုပ်ခလစာ တိုးမြှင့်ပေးကာ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ဒီကလန်ရိုက်စ်ကတော့ သူ့ရဲ့ ကစားသမားဘဝ အတွက် ဝက်စ်ဟမ်းထက် တဆင့် ပိုမြင့်တဲ့ ထိပ်တန်းအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားနေကာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ်ကို တတိယအကြိမ်မြောက် စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ဒီကလန်ရိုက်စ်က စာချုပ်သစ်ကို ငြင်းဆန်ခဲ့သလို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်းအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့လည်း ရည်ရွယ်ထားကြောင်း သိရပါတယ်။

Photo Credit: Mirror

ဝက်စ်ဟမ်းကတော့ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင်ကို လက်မလွှတ်ချင်ပေမယ့် ဒီကလန်ရိုက်စ်က ဖိအား‌ပေး တောင်းဆိုလာခဲ့ပါက ဒီကလန်ရိုက်စ်ကို မဖြစ်မနေ ရောင်းချရဖို့ ရှိနေပြီး ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း တောင်းဆိုဖွယ် ရှိနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။