ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေထဲက တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် အဓိက ကွင်းလယ်လူလည်း ဖြစ်တဲ့ ဒီကလန်ရိုက်စ် ကတော့ ပီအက်စ်ဂျီနဲ့ အာဂျင်တီးနား ကြယ်ပွင့် လီယွန်နယ် မက်ဆီလိုမျိုး ကစားသမားဟာ နောက်ထပ်တကြိမ် ထပ်မပေါ်လာနိုင်တော့ဘူးလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၇ကြိမ်တိုင်တိုင် ရရှိထားတဲ့ ကစားသမား တဦး ဖြစ်ပြီး ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ကစားသမားတွေ အနက် တဦး အဖြစ်လည်း ဘောလုံးကျွမ်းကျင်သူတွေနဲ့ ပရိသတ်တွေရဲ့ တညီတညွတ်ထဲ သတ်မှတ်ခြင်းကို ခံထားရသူပါ။

Photo Credit: Express

လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဘောလုံး သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်သလို ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုနဲ့ သူ့ရဲ့ အကြားမှာ ရှိနေတဲ့ ပြိုင်ဆိုင်မှုကလည်း သမိုင်းတလျှောက် အကြီးကျယ်ဆုံး ပြိုင်ဆိုင်မှု အဖြစ် သတ်မှတ်ခံထားရပါသေးတယ်။

မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ဦးစလုံးဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို အနိမ့်ဆုံး ၅ကြိမ်နဲ့အထက် ရထားတဲ့ ကစားသမား နှစ်ဦး ဖြစ်ပြီး သူတို့နှစ်ဦး ပူးပေါင်းကာ ကမ္ဘာ့ဘောလုံးလောကကို ဆယ်စုနှစ် တစုကြာ လွှမ်းမိုးနိုင်ခဲ့ဖူးပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ဦးမှာ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတဲ့ မေးခွန်းက ဖြေရခက်တဲ့ မေးခွန်းတခု ဖြစ်ပြီး ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ် ကတော့ မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ဦးစလုံးက ပြိုင်ဘက်ကင်း ကစားသမား နှစ်ဦး ဖြစ်ပေမယ့် မက်ဆီလိုမျိုး ကစားသမားဟာ နောက်ထပ်တကြိမ် ထပ်မပေါ်လာနိုင်တော့ဘူး လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီကလန်ရိုက်စ်က – “မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ဦးမှာ ဘယ်သူက ပိုကောင်းလဲ ဆိုတဲ့ မေးခွန်းက အတော်လေးကို ဖြေရခက်တဲ့ မေးခွန်းပါ။ ကျွန်တော်ကတော့ မက်ဆီကို ရွေးချယ်ပါ့မယ်။ သူနဲ့ ရိုနယ်ဒိုတို့ နှစ်ဦးစလုံးက အောင်မြင်မှုတွေကို သက်တောင့်သက်သာ ပုံစံတွေနဲ့ ယူပြခဲ့ကြတဲ့ လူတွေချည်းပါပဲ။ ဘယ်သူကမှလည်း သူတို့နှစ်ယောက်လိုမျိုး ကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူနိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဒါပေမယ့် ဘောလုံးနဲ့အတူ ရှိနေတဲ့ အချိန်တွေမှာ မက်ဆီ စွမ်းဆောင်ပြခဲ့တဲ့ အရာတွေက အတော်လေးကို ထူးခြားသလို နှစ်လိုဖွယ်လည်း ကောင်းပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့ဟာ မက်ဆီလိုမျိုး ကစားသမားကို နောက်ထပ်တကြိမ် ထပ်ပြီး မမြင်ရလောက်တော့ဘူး လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။