ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဒေးဗစ်မွိုက်စ်က သူရဲ့အသင်းသားဖြစ်တဲ့ အင်္ဂလန်ကြယ်ပွင့် ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ကို လတ်တလောမှာ ကလပ်အသင်းကြီးများစွာက ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေကြပေမယ့်လည်း သူ့ကစားသမားရဲ့ လက်ရှိတန်ကြေးက ပေါင်သန်း(၁၅၀)ကျော်အထိ တန်ကြေးရှိလို့နေပြီဖြစ်တယ်လို့ အသိပေးသွားခဲ့ပါတယ်။
Photo Credit : Evening Standard
အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်လက််ရွေးစင် ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် Top 4 နေရာအတွက် အကြိတ်အနယ် ကြိုးပမ်းနေတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ အဓိက ကစားသမားတစ်ဦး အသင်းခေါင်းဆောင်တစ်ဦး ဖြစ်နေသလို အင်္ဂလန်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အဓိကနေရာကနေ ပါဝင်နေသူလည်း ဖြစ်ပါတယ်။ သူရဲ့အရည်အသွေးကောင်းတွေကြောင့် သူ့အသင်းဟောင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက ရိုက်စ်ကို ခေါ်ယူချင်နေကြတာကြောင့် ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ်က စပါးအသင်း ဟာရီကိန်းရဲ့ တန်ကြေးကို မြင့်တင်ခဲ့သလိုမျိုး ရိုက်စ်ရဲ့ တန်ကြေးကိုပါ ပေါင်သန်း(၁၅၀)ကျော်လောက်အထိ သတ်မှတ်လာခဲ့တာ ဖြစ်ပါတယ်။
photo Credit : The Sun
ပေါင်သန်း(၁၅၀)ဆိုတာ ကမ္ဘာ့ဘောလုံးလောကရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး မဟုတ်ပေမယ့်လည်း ဗြိတိန်ဘောလုံးနယ်ပယ်မှာတော့ ဒီနွေမှသာ စံချိန်အသစ်တင်ထားခဲ့ရတဲ့ ဂျက်ဂရီးလစ်ရှ်ရဲ့ ပေါင်သန်း(၁၀၀)တန်ကြေးကို ကျော်လွန်ပြီး စံချိန်သစ်တစ်ခုအဖြစ် တင်ရှိနိုင်မှာ ဖြစ်ပါတယ်။ ရိုက်စ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး နည်းပြမွိုက်စ်က “ခင်ဗျားဘက်ကနေသာ စိတ်ဝင်စားလာမယ်ဆိုရင်တော့ ကောင်းပြီလေ ဒါနဲ့ ထိုက်တန်တဲ့ တန်ရာတန်ကြေးကို ပေးရပါလိမ့်မယ်။ ပြီးခဲ့တဲ့ နွေရာသီက ပေါင်သန်း(၁၀၀)ဆိုတာ စျေးပေါခဲ့ပါတယ်။ အခုဆိုရင်တော့ သူရဲ့တန်ကြေးက အနည်းဆုံး ပေါင်သန်း(၁၅၀)ပဲ။ ဒါပေမယ့် သူ့ကို ကျွန်တော်တို့ ရောင်းထုတ်သွားမှာ မဟုတ်ဘူး။ ကျွန်တော် သိထားတာကတော့ အဲ့ဒါကိုတောင် စဉ်းစားနိုင်တဲ့ ကလပ်အသင်းတွေ ရှိနေတယ်ဆိုတာပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ရှိလို့နေပြီး အဲ့ဒီစာချုပ်သက်တမ်း ပြည့်မြောက်ချိန်မှာပါ နောက်ထပ်တစ်နှစ် ထပ်မံသက်တမ်းတိုးနိုင်မယ့် အချက်အလက်ပါ ပါဝင်လို့နေပေမယ့် ရိုက်စ်ကတော့ လာမယ့်နွေမှာပဲ အသင်းအပြောင်းအလဲ လုပ်ဆောင်သွားချင်နေတယ်လို့ သိရှိရပါတယ်။