MySport Myanmar

ဒီကလန်ရိုက်စ်က ချယ်လ်ဆီးထက် အာဆင်နယ်ကိုသာ ပိုမို ရွေးချယ်သွားဖွယ် ရှိနေ

ဝက်စ်ဟမ်းအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်က လာမယ့်နွေမှာ အသင်းပြောင်းရွေ့ဖို့ စဉ်းစားလာခဲ့မယ်ဆိုရင် သူ့အသင်းဟောင်း ချယ်လ်ဆီးအသင်းထက် အာတီတာ ကိုင်တွယ်နေတဲ့ အာဆင်နယ်အသင်းကိုသာ ဦးစားပေး ရွေးချယ်လာနိုင်တယ်လို့ The Guardian ရဲ့ ဘောလုံးသတင်းထောက် ဂျေးကော့စတိုင်းဘတ်ချ်က ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Mirror

အာဆင်နယ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွေ့ဈေးကွက်အတွင်းမှာပဲ အသင်းကွင်းလယ်ပိုင်းအတွက် ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ကလပ်စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကလည်း သူတို့ အကယ်ဒမီထွက် ကစားသမား ဒီကလန်ရိုက်စ်ကို လာမယ့်နွေမှာပဲ အသင်းဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ စီစဉ်နေတာဖြစ်လို့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့က မာဒရစ်ခ်အပြီး ဒီတစ်ချိန်မှာလည်း ရိုက်စ်ကို အပြိုင် ကြိုးပမ်းသွားရဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

ရိုက်စ်အနေနဲ့ တကယ်လို့ အသင်း ပြောင်းရွေ့မယ်ဆိုရင် သူရဲ့ အသင်းဟောင်းဖြစ်တဲ့ ချယ်လ်ဆီးကို ပြန်လည် ပြောင်းရွေ့နိုင်ဖွယ် ရှိနိုင်တယ်လို့ ယူဆရပေမယ့် The Guardian သတင်းမီဒီယာရဲ့ နာမည်ကျော် ဘောလုံးသတင်းထောက် စတိုင်းဘတ်ချ်ရဲ့ ဖော်ပြချက်အရတော့ ရိုက်စ်ဟာ အသင်းဟောင်း ချယ်လ်ဆီးထက် နည်းပြအာတီတာရဲ့ အာဆင်နယ်အသင်းကို ရွေးချယ်နိုင်တယ်လို့ သိရပါတယ်။ စပိန်လူမျိုး နည်းပြ အာတီတာက ကစားသမားတိုင်းကို သူ့အသင်းနဲ့ အံ့ဝင်ခွင်ကျ ဖြစ်နိုင်မယ့် အစီအစဉ်တွေ ရေးဆွဲနိုင်သူ ဖြစ်တာကြောင့် ရိုက်စ်က အာတီတာနဲ့ လက်တွဲသွားဖို့သာ အလားအလာ ပိုများနိုင်တယ်လို့ စတိုင်းဘတ်ချ်က ဖော်ပြထားခဲ့ပါတယ်။ အာတီတာကလည်း အသင်းရဲ့ ကွင်းလယ်မှာ သောမတ်စ်ပါတေး ဂရန်းနစ်ချာကာတို့ နှစ်ဦးတည်းကိုပဲ ပိုမို အသုံးပြုနေရပြီး လိုဂွန်ဂါ အယ်လ်နီနီတို့က ပါတေး ချာကာတို့လောက် အသင်းကို သိပ်အကျိုးမပြုနိုင်တာဖြစ်လို့ ကွင်းလယ်ပိုင်း အားကောင်းနေစေဖို့အတွက် ရိုက်စ်လို ကွင်းလယ်လူမျိုးကို လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးဟာလည်း ကွင်းလယ်ပိုင်းအတွက် ရိုက်စ်ထက် ဘရိုက်တန်အသင်းရဲ့ အီကွေဒေါလက်ရွေးစင် ကွင်းလယ်လူ မွိုက်စ်ကိုင်စီဒိုကိုသာ ပိုမို အာရုံစိုက်နေတာကြောင့် အာဆင်နယ်လည်း ရိုက်စ်ကို လွတ်လွတ်ကျွတ်ကျွတ် ကြိုးပမ်းရနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version