MySport Myanmar

သူ့ကို နောက်ရာသီ ဝက်စ်ဟမ်းမှာပဲ ဆက်မြင်တွေ့ရမယ်လို့ ဒက်ကလန်ရိုက်စ် ပြောဆို

လာမယ့်စျေးကွက်အတွင်း မန်ချက်စတာစီးတီး မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကလပ်အသင်းကြီးတွေကနေ မြောက်များလှစွာသော ပြောင်းရွှေ့ကြေးနဲ့ အပြိုင်ကမ်းလှမ်းခံရဖွယ် ရှိနေတယ်လို့ သတင်းမွှေးနေတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က သူ့အနေနဲ့ လာမယ့်ရာသီမှာလည်း ဝက်စ်ဟမ်းမှာပဲ ဆက်လက်ရှိနေမှာ သေချာတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၃)နှစ်အရွှယ်သာ ရှိနေသေးတဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ အဓိက ကစားသမား အသင်းခေါင်းဆောင်တစ်ဦး ဖြစ်နေခဲ့ပေမယ့် ကလပ်အသင်းဘက်က ကမ်းလှမ်းလာတဲ့ စာချုပ်သစ် ကမ်းလှမ်းမှု (၃)ကြိမ်လုံးကို ပယ်ချထားခဲ့တာကြောင့် သူ့ကို မန်စီးတီး ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတွေက ရိုက်စ်ရဲ့အခြေအနေကို ပိုမိုအာရုံစိုက်လာကြပါတယ်။ ရိုက်စ်ကိုယ်တိုင်ကလည်း ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ဆင်နွဲချင်နေတာကြောင့် လာမယ့်စျေးကွက်ထဲ ဝက်စ်ဟမ်းကနေ သေချာပေါက် ထွက်ခွာနိုင်တယ်လို့ မီဒီယာတွေကနေ ဖော်ပြနေကြပေမယ့် ရိုက်စ်ကတော့ သူ့ကို လာမယ့်ရာသီမှာပါ ဝက်စ်ဟမ်းအသင်းသား အဖြစ်နဲ့ပဲ ဆက်လက်မြင်တွေ့ရလိမ့်မယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : 90Min

ဝက်စ်ဟမ်းအသင်းရဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ပွဲ အခမ်းအနားမှာ တစ်နှစ်တာ အကောင်းဆုံးဆုကို လက်ခံရရှိခဲ့တဲ့ ရိုက်စ်က အခမ်းအနားကို တတ်ရောက်လာသူတွေဆီက မေးမြန်းလာခဲ့တဲ့ “လာမယ့်ရာသီ ဝက်စ်ဟမ်းမှာ ဆက်ရှိနိုင်ဦးမလား” ဆိုတဲ့ မေးခွန်းကို “သေချာတာပေါ့” လို့ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ရိုက်စ်က “ထင်ကြေးပေးမှုတွေ များစွာရှိနေတယ်ဆိုပေမယ့်လည်း ဒီကလပ်အသင်းက ကျွန်တော့်အတွက် ဘာအဓိပ္ပါယ်တွေ ရှိနေသလဲဆိုတာ ကလပ်ဂျာစီကို ဝတ်ဆင်ထားတဲ့ အချိန်တိုင်းမှာ သင်မြင်နိုင်ကပါတယ်။ ကျွန်တော် ဒီကွင်းထဲကို လှမ်းဝင်လာတိုင်း ဒီကွင်းထဲကနေ ပြန်ထွက်သွားတိုင်း ကျွန်တော် အမြဲတမ်း ရာနှုန်းပြည့် ပေးဆပ်ထားခဲ့သလို ဒီအသင်း နည်းပြနဲ့ အသင်းဖော်တွေအတွက် အရာအားလုံးကို အမြဲတမ်း ပေးဆပ်သွားမှာပါ” လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။ ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၁၆၅)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ကိုလည်း (၂၈)ပွဲအထိ ပါဝင်ယှဉ်ပြိုင်ထားခဲ့ရပါတယ်။

Exit mobile version