မန်စီးတီးအသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ကီဗင် ဒီဘရိုင်းကတော့ ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီကို ဖျက်သိမ်းမလား ၊ ဆက်ကစားမလား ဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သတ်ပြီး ဘောလုံးရာသီကို ဖျက်သိမ်းတာက အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ သုံးသပ်ပြောဆို သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ အင်္ဂလန်နိုင်ငံဟာ တရုတ်နိုင်ငံကနေ စတင် မြစ်ဖျားခံ ကူးစက်လာတဲ့ ကိုရိုနာကပ်ရောဂါနဲ့ တွေ့ကြုံနေရတာဖြစ်ပြီး ချားလ်စ်မင်းသား အပါအဝင် နိုင်ငံရဲ့ အရေးပါတဲ့ လူတချို့ကပါ ကိုရိုနာ ဗိုင်းရပ် ကူးစက်မှုကို ခံနေရတာကြောင့် ပရီးမီးယားလိဂ်အပါအဝင် နိုင်ငံတွင်းမှာရှိတဲ့ လိဂ်အားလုံးကို ရပ်တန့်ထားခဲ့ရပါတယ်။

Photo Credit: Express.com

ဒါ့ကြောင့် ယခုနှစ်ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ နှစ်ပေါင်း၃၀ကြာ အမှတ်ပေးဖလားနဲ့ ဝေးကွာနေပြီးမှ ချန်ပီယံခြေစွမ်းတွေကို ပြသထားနိုင်ခဲ့တဲ့ လီဗာပူးအသင်းအနေနဲ့ ယခုနှစ် ဘောလုံးရာသီကို ကိုရိုနာဗိုင်းရပ်ကြောင့် ဆက်လက် မကျင်းပနိုင်တော့မှာကို စိုးရိမ်နေရပြီး လီဗာပူးအသင်းဟာ ၂၉ပွဲ ကစားထားရာမှာ ဒုတိယနေရာက မန်စီးတီးအသင်းကို တစ်ပွဲအသာ ကစားထားပြီး ၂၅ မှတ်အထိ ဖြတ်ထားခဲ့တာကြောင့် ချန်ပီယံအသင်းအဖြစ် ဖြစ်လာဖို့ နောက်ထပ် နှစ်ပွဲသာ အနိုင်ရဖို့ လိုအပ်ပါတယ်။ လီဗာပူးအသင်းရဲ့ အနေအထားကြောင့် ပရီးမီးယားလိဂ်ကို ဖျက်သိမ်းရမှာကို တာဝန်ရှိသူတေ​ွ အနေနဲ့ တွန့်ဆုတ်နေကြပြီး ဒီဘရိုင်းကတော့ လက်ရှိ ပရီးမီးယားလိဂ်ရာသီကို ဖျက်သိမ်းရင် အားလုံးပြီးပြီ လို့ အကြံပြုစကား ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Express.com

ယခုနှစ် ဘောလုံးရာသီကို ဖျက်သိမ်းသင့်တဲ့ အကြောင်း ဒီဘရိုင်းက ” ကျွန်တော့်အမြင်က အခုလို ဘာလုပ်ရမလဲဆိုတာကို အကြာကြီး စဉ်းစားနေတာက နောက်ရာသီကို ထိခိုက် လာနိုင်ပါတယ်။ ဒီရာသီကို အကြာကြီး ရပ်နားထားတာက မဖြစ်နိုင်ပါဘူး။ ပြီးတော့ ခင်ဗျားက အရာအားလုံးကို ခဏပဲ ရွှေ့ဆိုင်းနိုင်ပါတယ်။ ဒီလို ကောင်းမွန်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီးမှ ဒီရာသီကို ရပ်နားလိုက်ရင် ကျွန်တော်လည်း ဝမ်းနည်းရမှာပါပဲ။ ဒါပေမယ့် နောက်ရာသီ အတွက် ကျွန်တော်တို့ဟာ ဒီရာသီကို ဖျက်သိမ်းသင့်ပါတယ်။ ဒါဆို အားလုံးပြီးပြီလေ ” လို့ သူ့ရဲ့ အမြင်ကို ပြောကြားသွားခဲ့တာပါ။